သူငယ်တန်းသင်ရိုးသစ်သင်ဆရာ၊ ဆရာမများအတွက် တိုင်း၊ မြို့နယ်အဆင့်၊ ဆင့်ပွားသင်တန်းများ စတင်မည်

သူငယ်တန်းသင်ရိုးသစ်သင်ဆရာ၊ ဆရာမများအတွက် တိုင်း၊ မြို့နယ်အဆင့်၊ ဆင့်ပွားသင်တန်းများ စတင်မည်

          သူငယ်တန်းသင်ရိုးသစ်သင် ဆရာ၊ ဆရာမများအတွက်တိုင်း၊ မြို့နယ်အဆင့်၊ ဆင့်ပွားသင်တန်းများ မတ်လ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

          တိုင်း အဆင့် ဆင့်ပွားသင်တန်းများကို မတ်လ၂၀ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိလည်းကောင်း၊ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို ဧပြီလ၂၅ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိလည်းကောင်း ပြုလုပ် သွားရန်လျာထားကြောင်း အခြေခံပညာဦးစီးဌာနမှ  သိရသည်။

          "ဗဟိုအဆင့်သင်တန်းတွေပေးနေတယ်။ ဆင့်ပွားသင်တန်းတွေကိုလည်းကျောင်းပြန်မဖွင့်ခင် သက် ဆိုင်ရာမြို့နယ်အလိုက်ဖွင့်သွားမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတစ် ဦးက ပြောကြားသည်။

          သင်ငယ်တန်းသင်ရိုးသစ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်စတင်သင်ကြားမည်ဖြစ်ရာ ယင်းအတွက် သင်ရိုးသစ်သင်ကြားပေးမည့် ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများပို့ချပေးခြင်းဖြစ်သည်။

          သူငယ်တန်းသင်ရိုးသစ်တွင် ကလေးများ၏ အသက်အရွယ်၊ဖွံ့ဖြိုးမှုဥာဏ်ရည်အဆင့်များနှင့်  လိုက်လျောညီထွေဖြစ်စေသောသင်ယူမှုလုပ်ငန်းများကို ထည့်သွင်းထားပြီး ယခင်သင်ရိုးညွှန်းတမ်းကဲ့သို့ ဘာသာရပ်ကို အခြေခံ၍အလွတ်ကျက်မှတ်မှုအစား ကလေး၏ ဘက်စုံဖွံ့ဖြိုးနိုင်မည့် စဉ်စားတွေးခေါ်မှုကို အခြေခံသည့်သင်ယူဖွံ့ဖြိုးမှုနယ်ပယ်များပါဝင်အောင် ရေးဆွဲထားသည်ဟု သိရသည်။