လာမည့်ပညာသင်နှစ်တွင်မှုလတန်းပြဆရာ ၁၂၀၀၀၀ကျော်တိုးမြှင့်ခန့်ထားရန်လျာထား
လာမည့်ပညာသင်နှစ်တွင်မှုလတန်းပြဆရာ ၁၂၀၀၀၀ကျော်တိုးမြှင့်ခန့်ထားရန်လျာထား
လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အခြေခံပညာမှုလတန်းကျောင်းများ၌မှုလတန်းပြဆရာ ၁၂၀၀၀၀ ကျော်တိုးမြှင့်ခန့်ထားရန်လျာထားကြောင်းသိရသည်။
အခြေခံပညာဦးစီးဌာန၏ ဖွဲ့စည်းပုံရှိ အခြေခံပညာမှုလတန်းကျောင်း၄၃၉၃၀ ကျောင်းကို မှုလတန်းပြဆရာ ၁၃၆၇၂၆ ဦးဖြင့်ဖွဲ့စည်းထားရာ မှုလတန်းပြဆရာ ၁၂၆၈၅၄ ဦးထပ်မံတိုးချဲ့၍ စုစုပေါင်း မှုလတန်းပြဆရာ ၂၆၃၅၈၀ဦး ဖြင့် တိုးချဲ့ဖွဲ့စည်းရန်လျာထားရာ လာမည့်ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌ ဆရာမအင်အား၁၂၀၀၀၀ ကျော်တိုးများလာ နိုင်မည်ဟု အခြေခံပညာဦးစီးဌာနမှ သိရသည်။
“မှုလတန်းကျောင်းတွေရဲ့ ဖွဲ့စည်းပုံပြင်ဖို့၊ဆရာ၊ ဆရာမတိုးခန့်မယ်လို့တော့ သိထားပါတယ်။ လာမည့်ပညာ သင်နှစ် စပြင်မှာပေါ့”ဟု အခြေခံပညာဦးစီးဌာနမှညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။
အခြေခံပညာကျောင်းများ၏ ဖွဲ့စည်းပုံကိုမှုလတန်းကျောင်းအုပ် ၁ နေရာ၊ မှုလတန်းပြဆရာ ၆ နေရာ၊ အထွေ ထွေလုပ်သား ၁ နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းရန်လျာထားသည်ဟု ကြားသိထားသော်လည်း ယင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ညွှန်ကြားချက်တစ်စုံတစ်ရာ မရောက်ရှိသေးကြောင်း ရန်ကုန်တိုင်းဒေ သကြီး ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
“ဖွဲ့စည်းပုံတိုးပြီး ဆရာတွေထက်ခန့်မယ်ဆိုရင်တော့ဆရာလိုအပ်ချက်ရှိလာမှာပဲ။ အဲ့ဒီအတွက် ဘွဲ့ရတွေကို တစ်နှစ်သင်တန်းပေးထားတဲ့ PPTT သင်တန်းဆင်းတွေတော့ရှိတယ်။သူတို့ကိုလိုအပ်တဲ့မှုလတန်းပြဆရာနေရာတွေအ တွက် လျာထားတယ်။ သင်တန်းက အပတ်စဉ် ၂ အထိပြီးထားပြီဆိုတော့ သူတို့နဲ့လစ်လပ်ကိုဖြည့်ဖို့များတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
လာမည့်ပညာသင်နှစ်တွင် စတင်မည့် KG+12 အစီအစဉ်အတွက် ယခုကဲ့သို့မှုလတန်းကျောင်းများ တွင် မှုလတန်းပြဆရာ၊ ဆရာမအင်အား တိုးချဲ့ခြင်းဖြစ်ကြောင်း သိရသည်။