“ပညာရေးဟူသည်မှာ”
ပညာသင်တယ်ဆိုတာ စာချည်းသက်သက်သင်ရတာမျိုး မဟုတ်ပါဘူး။ ပညာသင်တယ်ဆိုတာစာသင်၊ စာကျက်၊ စာမေးပွဲဖြေအောင်မှတ်တွေတွက်ဆိုတဲ့ အဆင့်ထက်ပိုပါတယ်။ တကယ်တော့လူ့တန်ဖိုးတွေပေါ်ထွက်လာအောင် လေ့ကျင်ပေးရတဲ့အလုပ်ပါ။ လူ့ဝန်းကျင်မှာ အံမဝင်ခွင်မကျလူ့ခွစာဖြစ်မနေစေဖို့ပညာသင်ရတာပါ။ လူတွေကိုဒုက္ခပေးတဲ့ သူ မဖြစ်စေဖို့၊ အနှောင့်အယှက်ပေးတဲ့သူ မဖြစ်စေဖို့ပညာသင်ရတာပါ။လူလူချင်းကူညီသူ၊ ရိုင်းပင်းသူ၊ ကောင်းကျိုး ပြုသူဖြစ်စေဖို့ ပညာသင်ရတာပါ။ လူတွေဟာရှေးပဝေသဏီကတည်းက ပညာသင်ခဲ့ကြပါတယ်။ ဘာလို့ပညာရှာတာလဲ ဆိုတော့အသုံးဝင်တဲ့လူ၊ အသုံးကျတဲ့လူ၊ တန်ဖိုးရှိတဲ့လူဖြစ်ဖို့ ပညာသင်ရတာပါ။ လူတစ်လုံး၊ သူတစ်လုံးဖြစ်ဖို့ ပညာသင်ရတာပါ။ပညာသင်ခြင်း၊ပညာရှာခြင်းရဲ့ အဓိပ္ပ္ပာယ်ကလူပီသဖို့နှင့် လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ပါ။ပညာဆိုတာလူရဲ့ဆင်ခြင် တုံတရားကို သန္ဓေတည်ပေးရပါတယ်။ စဉ်းစားဥာဏ်၊ဆင်ခြင်ဥာဏ်၊တီထွင်နိုင်တဲ့ဥာဏ်တွေကိုမွေးဖွားပေးရပါတယ်။
ပညာဆိုတာ သားငယ်သမီးငယ်တွေကို လိမ္မာအောင်သွန်သင်ပါတယ်။ ယဉ်ကျေးပျူငှာအောင်လမ်းပြပါတယ်။စိတ်ဓာတ်တွေနူးညံ့သိမ်မွေ့အောင်ဆုံးမပါတယ်။ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်မြင့်မားအောင်ပုံဆောင်ပါတယ်။ထူးချွန်ထက်မြက် သူတွေဖြစ်အောင်ပုံသွင်းပါတယ်။ နိုင်ငံကြီးသားစိတ်ဓာတ်ကြွယ်ဝသူတွေဖြစ်အောင်လေ့ကျင့်သင်ကြားပေးပါတယ်။ နိုင်ငံ ကြီးသားစိတ်ဓာတ်ဆိုတာ လူသားစိတ်ဓာတ်ပါ။ လူသားစိတ်ဓာတ်ဆိုတာလူကိုလူလိုမြင်တဲ့စိတ်ဓာတ်၊ လူလူချင်း လေး စားတန်ဖိုးထားတဲ့စိတ်ဓာတ်၊ လူကိုလေးစားသလိုလူရဲ့လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ခံစားခွင့်စတဲ့ လူ့အခွင့်အရေးတို့ကိုလေးစား တဲ့စိတ်ဓာတ်၊လူလူချင်းစာနာတဲ့၊ ထောက်ထားတဲ့၊ ငဲ့ညာတဲ့၊ ကူညီရိုင်းပင်းတဲ့စိတ်ဓာတ်၊ လူသားအားလုံးအပေါ်တရား မျှတတဲ့စိတ်ဓာတ်၊ ဒါတွေဟာ နိုင်ငံကြီးသားစိတ်ဓာတ်တွေပါ။
လူတိုင်းမှာမွေးကတည်းကတန်ဖိုးဖြတ်လို့မရတဲ့ အရည်အသွေးတွေပါလာပါတယ်။ အဲဒီအရည်အသွေးတွေထွက် ရှိလာအောင် လုပ်ဆောင်ပေးတာဟာပညာပါပဲ။ပညာဆိုတာ ကောင်းတဲ့၊ ထက်မြက်တဲ့ဗီဇတွေကို ပိုမိုပြီးတောက်ပြောင် လာအောင်သင်ပေးပါတယ်။လေ့ကျင့်ပေးပါတယ်။ ဗီဇဆိုး၊ ဗီဇတွေဖြစ်တဲ့ လူ့အဖွဲ့အစည်း၊လူ့အဝန်းအဝိုင်းကို ဖျက်ဆီးမယ့်၊ နှောင့်ယှက်မယ့်အကျင့်ဆိုး၊ စရိုက်ဆိုးတွေကို နည်းသွား၊ လျော့သွား၊ ပပျောက်သွားအောင်ပြုလုပ်ပေးပါတယ်။
နိုင်ငံတော်နဲ့လူ့အဖွဲ့အစည်းရဲ့ကောင်းကျိုးဆိုးကျိုးကံကြမ္မာကို ဖန်တီးနိုင်တာကပညာရေးပါ။ ပညာရေးနိမ့်ပါးရင် လူ့အဖွဲ့အစည်းဟာနွံနစ်ကျွန်ဖြစ်ရပါတယ်။ ပညာရေးစနစ်မြင့်မားရင် လူနေမှုဘ၀၊လူနေမှုအဆင့်အတန်းအားလုံး မြင့်လာတာပါပဲ။ တိုင်းပြည်နဲ့လူမျိုးကိုမြှင့်တင်ပေးနိုင်တာက ပညာရေးပါပဲ။ ပညာရေးဆိုတာလူကိုလူတော်ဖြစ်ရုံနဲ့မပြီးသေး ပါဘူး။လူတော်လည်းဖြစ်၊ လူကောင်းလည်းဖြစ်စေပါမှ စစ်မှန်တဲ့ပညာရေးပါ။ မှန်ကန်တဲ့ပညာရေးဟာလူတော်လည်းဖြစ် စေပါတယ်။ လူကောင်းလည်းဖြစ်စေပါမှ စစ်မှန်တဲ့ပညာရေးပါ။ မှန်ကန်တဲ့ပညာရေးဟာလူတော်လည်းဖြစ်စေပါတယ်။ လူကောင်းလည်းဖြစ်စေပါတယ်။
လူ့အဖွဲ့အစည်းကိုကောင်းအောင်လုပ်ဖို့ရာမှာ တော်ရုံနဲ့မရပါ၊ တတ်ရုံနဲ့မရပါ။ တော်သလောက်ကောင်းပါမှ၊ တော်သလောက်ကောင်းတဲ့သူပေါများပါမှ လူ့အဖွဲ့အစည်းကို ကောင်းအောင်လုပ်နိုင်တာပါ။ ဒါကြောင့်လူဟာတော်ဖို့လိုသလိုကောင်းဖို့လိုလည်း လိုပါတယ်။ လူတစ်ယောက် လူတော်လူကောင်းဖြစ်လာအောင် ပုံသွင်းပေးနိုင်တာဟာကောင်းမွန်တဲ့ ပညာရေးပါ။
ပညာရေးဆိုတာဟာလူကိုလူတော်ဖြစ်အောင်လုပ်ပေးရုံနဲ့ သူ့တာဝန်မကျေသေးပါဘူး။ လူကိုတော်စေပြီးတဲ့ နောက်ကောင်းအောင်လုပ်ပေးနိုင်ပါမှ သူ့တာဝန်ကျေပါတယ်။ ဒါကြောင့်ပညာရေးရဲ့တာဝန်ဟာ လူတွေကိုလူတော်လူကောင်းဖြစ်အောင် ပုံသွင်းပေးရတဲ့တာဝန်ပါ။ မေတ္တသုတ်နိဒါန်းမှာလာတဲ့ “သက္ကောဥဇုစ သုဟုဇုစသုဝစော စဿမုဒုအန တိမာနီ” ဆိုတဲ့ဘုရားဟောပါဠိပိုဒ်လေးကို မေတ္တသုတ်ရသူတွေ နှုတ်တက်ရပါလိမ့်မယ်။သက္ကော-စွမ်းနိုင်ရမယ်၊ ဥဇု-ရိုးဖြောင့်ရမယ်၊ သုဟုဇု-အထူးရိုးဖြောင့်ရမယ်၊ သုဝစော-ကောင်းသောစကားရှိရမယ်၊ကောင်းသောစကားကိုနာခံရမယ်၊ မုဒု-နူးညံ့သိမ်မွေ့ရမယ်၊ အနတိမာနိ-မာနမကြီးရဘူး၊ မမောက်မာရဘူး၊မခက်ထန်မကြမ်းတမ်းရဘူး။
အခုမေတ္တသုတ်နိဒါန်းမှာဆိုတာတွေဟာလူတော်လူကောင်းလက္ခဏာတွေပါပဲ။ ဒီအထဲမှာလူတော်ဖြစ်ဖို့အတွက် တစ်ချက်တည်းလိုပါတယ်။ အဲဒါကတော့သက္ကော-စွမ်းနိုင်ရမယ်ဆိုတာပါပဲ။လူဖြစ်လာရင် လူ့တာဝန်ကိုဆောင်ရမယ်၊ လူ့ အဖွဲ့အစည်းတာဝန်ကို ဆောင်ရမယ်၊ လူ့ကောင်းကျိုးကိုဆောင်ရမယ်။အဲဒီလိုဆောင်နိုင်ဖို့အတွက် မိမိကတစ်ခုခုစွမ်းဖို့ လိုပါတယ်။ မဖြစ်မနေဆောင်ရမှာ ဖြစ်တဲ့အတွက်မဖြစ်မနေစွမ်းဖို့လိုပါတယ်။စွမ်းမှဆောင်နိုင်ပါမယ်။ မစွမ်းရင်မဆောင် နိုင်ပါဘူး။ မစွမ်းဘဲနဲ့ဆောင်ရင်တော့သက်ဆိုင်သူအားလုံးဒုက္ခရောက်မှာအသေအချာပါပဲ။ မစွမ်းဘဲဆောင်တဲ့သူတွေဟာ အံမ၀င်၊ ခွင်မကျ၊ အံချော်နေတဲ့ခွစာတွေပါပဲ။
ကားမမောင်းတတ်ဘဲ ကားတက်မောင်းရင် ခရီးသည်တွေဒုက္ခရောက်ကုန်မှာပါ။သင်္ဘောမမောင်းတတ်ဘဲသင်္ဘော တက်မောင်းရင် ခရီးသည်တွေဒုက္ခရောက်ကုန်မှာပါ။ လေယာဉ်မမောင်းတတ်ဘဲလေယာဉ်တက်မောင်းရင် ခရီးသည် တွေဒုက္ခရောက်ကုန်မှာပါ။ ကျန်တဲ့ကဏ္ဍတွေမှာလည်းအတူတူပဲပေါ့။အင်္ဂလိပ်ဆေးပညာမကျွမ်းကျင်ဘဲ ဆေးထိုးအပ် ကိုင်ဆေးကုတော့ဒေါက်တာရမ်းကုလို့ခေါ်ကြတယ်။ ဒေါက်တာရမ်းကုကြောင့်ဒုက္ခရောက်သူတွေ၊ အသက်ဆုံးကြရသူ တွေရှိပါတယ်။ မစွမ်းဘဲနဲ့ဆောင်ရင် ဒုက္ခရောက်မှာသေချာပေါက်ပဲ။ဦးဆောင်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်းမရှိပါဘဲနဲ့ လူ့အဖွဲ့ အစည်းတစ်ခုခုကို ဦးဆောင်ခဲ့ရင်၊စီမံခန့်ခွဲခဲ့ရင်အဲဒီဦးဆောင်ခံရ၊စီမံခန့်ခွဲခံရတဲ့လူ့အဖွဲ့အစည်းဟာ ဒုက္ခရောက်မှာသေချာ ပေါက်ပဲ။ ဒါကြောင့်စွမ်းဆောင်ဆိုတာစွမ်းမှဆောင်သင့်ပါတယ်။ မစွမ်းဘဲနဲ့မဆောင်သင့်ပါဘူး။ ဆောင်ချင်ရင်တော့စွမ်းဖို့ လိုပါတယ်။အကြောင်းတစ်ခုခုကြောင့် ဆောင်နေဆဲကာလ မိမိကိုယ်ကိုယ်မစွမ်းမှန်းသိရင်လည်း စွမ်းဆောင်ယောင်ဆောင်ပြီးဆက်ဆောင်မနေသင့်ပါဘူး။ စွမ်းတဲ့သူတွေကိုသာဆောင်ခွင့်ပေးသင့်ပါတယ်။
တတ်စွမ်းဆိုတဲ့အတိုင်း တတ်ရင်စွမ်းတာပါပဲ။အဲဒီလိုတတ်ဖို့၊ စွမ်းဖို့အတွက် အတတ်ပညာတွေသင်ကြရတာပါ။ ဆရာဝန်ပညာ၊ အင်ဂျင်နီယာပညာ စသည်ဖြင့်တတ်တော့၊ကျွမ်းတော့လူတော်ဖြစ်ပါတယ်။ ဒါကြောင့်လူဟာပထမ သက္ကော- တတ်ရမယ်၊ ကျွမ်းရမယ်၊ စွမ်းရမယ်၊ လူသားအကျိုးပြုပညာရပ်တစ်ခုခုတတ်လေ၊ ကျွမ်းလေ၊ စွမ်းလေ ဒီလူ ဟာတော်လေပါပဲ။ လူကောင်းဖြစ်ဖို့ကတော့ ဥဇု-ဖြောင့်မတ်ရပါမယ်၊သုဟုဇု-အထူးပင် ဖြောင့်မတ်ရပါတယ်၊ ကာယကံ ဝစီကံ မနောကံ ကံသုံးပါးလုံးဖြောင့်မတ်ရပါမယ်၊ရိုးဖြောင့်ရပါမယ်၊ ဒါလူကောင်းလက္ခဏာပါ။ ဖြောင့်ဖြောင့်သွားမှ ခရီး တွင်ပါတယ်။ ကွေ့ကောက်သွားနေရင်ခရီးကြန့်ကြာပါတယ်။ ကောက်သော်စားမလောက၊် ဖြောင့်သော်စားမကုန်လို့ ရှေး လူကြီးသူမတို့ကဆုံးမခဲ့ပါတယ်။ရိုးဖြောင့်ခြင်းဆိုတာ အကောင်းဆုံးပေါ်လစီဖြစ်ပါတယ်။ ဒါကို သင်ဘယ်တော့မှမမေ့ပါ နဲ့လို့အနောက်တိုင်းပညာရှင်တို့ကဆိုပါတယ်။ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံဆိုတဲ့နေရာမှာ ရိုးရိုးသားသား၊ရိုးရိုးဖြောင့်ဖြောင့်ကျင့် ကြံသူတွေသာ မြင့်မြင့်မားမားကြံနိုင်ပါတယ်၊ မြင့်မြင့်မားမား၊ကြီးကြီးမားမားလုပ်ပြခဲ့တဲ့သူတွေဟာဥာဏ်နီဥာဏ်နက်တွေ သုံးတဲ့သူတွေမဟုတ်ပါဘူး။ ရိုးရိုးသားသားတွေး၊ ရိုးရိုးသားသားကျင့်ကြံခဲ့တဲ့သူတွေပါ။တကယ့်လူကောင်းသူကောင်း တွေပါ။
ဒါ့အပြင်လူကောင်းဖြစ်ဖို့ သုဝစော- ကောင်းသောစကားရှိရပါမယ်။ကောင်းသောစကားဆိုတာ မိဘစကား၊ ဆရာ စကား၊ ပညာရှိသူတော်ကောင်းတို့စကား၊ ဘုရားစကားတွေပါပဲ၊အဲဒီကောင်းတဲ့စကားတွေ မိမိသ န္တာန် ရှိရပါမယ်။ မိမိ သ န္တာန်ရှိရမယ်ဆိုတာ လိုက်နာကျင့်သုံးဖို့ကိုဆိုလိုတာပါ။အဖြောင့်ပြောရရင်တော့ သုဝစောဆိုတာ လိမ္မာရမယ်လို့ပြော တာပါပဲ။ မိဘစကားကို နားထောင်တဲ့ကလေးလိမ္မာတာပဲ၊ဆရာစကားကို နားထောင်တဲ့ကလေးလိမ္မာတာပဲ၊ ပညာရှိ သူတော်ကောင်းစကားကို နားထောင်တဲ့သူလိမ္မာတာပဲ၊ဘုရားစကားကို နားထောင်တဲ့သူလိမ္မာတာပဲ၊ မလိမ္မာတာက လူ မိုက်ပဲ၊ လိမ္မာတာက လူကောင်းပဲ။
ပညာရေးမှာလူတော်ဖြစ်ဖို့ အတွက်သာဆိုရင်တော့သက္ကောဖြစ်ဖို့ပါပဲ။ ပညာရပ်တစ်ခုခုမှာတတ်ရမယ်၊ ကျွမ်းရ မယ်၊ စွမ်းရမယ်၊ ဒါဆိုရင်လူတော်ပါပဲ။ဒါပေမဲ့တကယ့် ပညာရေးကဒါတင်မကဘူး။ ရိုးသားဖြောင့်မတ်ဖို့၊ လိမ္မာဖို့၊ ယဉ် ကျေးဖို့၊ပျူငှာဖို့၊ နူးညံ့သိမ်မွေ့ဖို့၊ ဆိုတာတွေပါ ပါတယ်။ စာနာမှု၊ ထောက်ထားမှု၊ ငဲ့ညှာမှု၊ကိုယ်ချင်းစာမှု၊ ရိုင်းပင်း ကူညီ မှု၊ တရားမျှတမှုဆိုတာတွေပါ ပါတယ်။ ဒါကြောင့်ပြည့်စုံတဲ့ပညာရေးဆိုတာလူတော်ဖြစ်စေရုံနဲ့မပြီးဘူး။ လူကောင်းပါဖြစ် စေရမယ်။ လူတော်လူကောင်းဖြစ်စေတဲ့ ပညာရေးသာစစ်မှန်တဲ့ပညာရေးပဲ။လူဆိုတာ ကာယဗလ- ကျန်းမာကြံ့ခိုင်ရ မယ်၊ ဥာဏဗလ-အသိအလိမ္မာဥာဏ်ပညာ ဖွံ့ဖြိုးရမယ်။ စာရိတ္တဗလ- ကိုယ်ကျင့်တရား ကောင်းမွန်ရမယ်၊ မိတ္တဗလ-လူမှုရေးကောင်းမွန်ရမယ်၊ ဘောဂဗလ- ဥစ္စာဓနသင့်သလိုရှိရမယ်။ ဒီဗလငါးတန်ပြည့်စုံဖို့ ပညာရေးမှာတာဝန်ရှိတယ်။ဗလငါးတန်ဆိုတာ လူတော်လူကောင်းသတ်မှတ်ချက်စံပါပဲ။ ဗလငါးတန်ပြည့်စုံသူဟာ လူကောင်းလူတော်ပါပဲ။
ပညာသင်တယ်ဆိုတာ ဗလငါးတန်ပြည့်စုံဖို့ ပညာသင်ကြရတာပါ။ခြုံလိုက်ရင်တော့ပညာရေးဆိုတာ လူတော်တွေ လည်းပေါက်ဖွားပေးတယ်။ လူကောင်းတွေလည်း မီးရှူးသန့်စင်ပေးတယ်။ဒီလူတော်လူကောင်းတွေက လူနဲ့လူ့ဝန်းကျင် ကိုဖွံ့ဖြိုးအောင်၊ တိုးတက်အောင်၊ ငြိမ်းချမ်းအောင်၊သာယာအောင်တည်ဆောက်ပေးတယ်။ ပညာရေးရဲ့အဓိပ္ပာယ်ဟာ ဒီအထိသက်ရောက်မှုရှိပါတယ်။ နက်ရှိုင်းပါတယ်။ပညာရေးရဲ့ပန်းတိုင်ဟာ လူတွေကိုလူတစ်လုံး၊ သူတစ်လုံးဖြစ်စေဖို့၊ လူ တော်လူကောင်းတွေဖြစ်စေဖို့၊ပြည့်စုံကြွယ်ဝချမ်းသာတဲ့ လူ့ဘောင်အဖွဲ့အစည်းလူ့ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ဖို့အတွက်ပါပဲ။