ဆရာဟူသည်
ဆရာဟူသောစကားလုံးသည် မြန်မာစကားနယ်ပယ်တွင် အတွင်ကျယ်ဆုံးသောစကားလုံး ဖြစ်သည်။ မြန်မာစကားကို စာပေဖြင့်အက္ခရာတင်ခဲ့ကြသည့် အေဒီ ၁၂ ရာစုအစောပိုင်းကျောက်စာ၊မင်စာ ခေတ်ကာလတွင် “ဆရာ”ကို “ဆာယ၊ ဆယ၊ ဆျြာ”ဟူ၍ အမျိုးမျိုးရေးသားခဲ့ကြသည်။
ဆရာဟူသည် သက္ကတဘာသာစကား “အစရျ”ကို မြန်မာတို့ကယူငင်သုံးစွဲကာ“ဆရာ” ဟူ၍ဖြစ်လာပါသည်။ ထို့အတူ ပါဋ္ဌိဘာသာစကား “အာစရိယ” မှဆရာဖြစ်လာသည်ဟု ယူဆကြ သည်လည်းရှိသည်။ထို့အပြင် ပါဋ္ဌိစကားလုံး “ဆာယာ”မှ ဆင်းသက်လာသည့် စကားလုံးဖြစ်သည်ကို ယူဆကြပြီး “အရိပ်”ဟုလည်းယူဆကြသည်။ “ဆာယာ”မှလာသည့် “အရိပ်”ဟူသောအဓိပ္ပာယ်မှာ ဆရာတို့သည်တပည့်များကို အရိပ်ကဲ့သို့အကာအကွယ်ပေးသူအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်သည်။
ဆရာနှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင်“ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်း ပြသူ”ကို ဆရာဟုခေါ်ဆိုခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။တစ်ဖန်ဆရာ ဟူသည့် အဓိပ္ပာယ်ကို အမည် ပညတ်အနေဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရသော် နှိုင်းဆချင့်ချိန်ဆုံးဖြတ်ရသည့်ပညာရှိပုဂ္ဂိုလ်ကို ဆရာဟုခေါ်ဆိုခြင်းဖြစ်သည်ဟုလည်း အမည်နာမ ပညတ်ခဲ့ပါသည်။
ဆရာနှင့်ပတ်သက်၍ ဆရာ့ဂုဏ်ကိုညွှန်းဆိုပြရသော်ဆရာနှစ်မျိုးရှိသည်။ ဆရာဟူသည် ပညာသင်ကြားပို့ချပေးသည့် “အာစရိယဆရာ”နှင့် တပည့်များကိုလိမ္မာရေးခြင်းရှိအောင် ပဲ့ပြင်ဆုံးမ ပေးသည့်ဂုဏ်နှင့်ပြည့်စုံသည့် “ဥပဇ္ဇျာယ်ဆရာ” ဟူ၍ရှိကြောင်းလေ့လာသိရှိရပါသည်။ မြန်မာ လူမှုပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတွင် ဆရာတို့၏ကြီးမြတ်လှသည့်ဂုဏ်တို့နှင့်ပြည့်စုံသူများဖြစ်၍ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်အဖြစ်သတ်မှတ်ကာ အစဉ်အလာမပျက် လက်ခံခဲ့ကြပါသည်။“ဆရာ”ဆို သည့် စကားလုံးသည် အနန္တငါးပါးဖြစ်သည့် (ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘ)တို့တွင်အကျုံးဝင်နေပါသည်။ သို့ဖြစ်၍ ဆရာဟူသောအဓိပ္ပာယ်မှာလေးနက်သည့်အဓိပ္ပာယ်ကို ဖော်ဆောင် နေပါသည်။
“ဘုရားရှင်”ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့၏ဆရာဟုဖော်ညွှန်းလေ့ရှိပါသည်။ ဘုရား ရှင်၏ဂုဏ်တော်ကိုးပါးတွင် သတ္တမမြောက်ဂုဏ်တော်ဖြစ်သော“သတ္တာဒေဝမနုဿာနံ” ဂုဏ်တော် ၏အဓိပ္ပာယ်မှာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့၏ဆရာကို ဖော်ညွှန်းနေ၍သတ္တဝါအားလုံး၏ ဆရာသည် ဘုရားဖြစ်ပြီး ဘုရားသည်လည်းသတ္တဝါအားလုံး၏ ဆရာဖြစ်ပါသည်။
“တရား”ကိုလည်း လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့၏ဆရာဟုဖော်ညွှန်းပေးသည်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုခါနီးတွင် ဘုရားရှင်မိန့်ကြားသောစကားမှာ“ငါဘုရားပရိနိဗ္ဗာန်ပြုသောအခါ ငါဟောကြားခဲ့ သော တရားတော်များသည် သင်တို့၏ဆရာများအဖြစ်တည်ရှိနေပေလိမ့်မည်”ဟု မိန့်ကြားချက်အရ တရားသည်လည်း ဆရာပင်ဖြစ်ပါသည်။
“သံဃာတော်”ကိုလည်း “ဆရာတော်၊ မင်းဆရာ”ဟု သုံးစွဲခဲ့သောစကားများအရသံဃာသည် လည်း ဆရာဖြစ်ကြောင်း ဖော်ဆောင်နေပါသည်။
“မိဘ”များသည်လည်း သားသမီးများကို မွေးကင်းစဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် အရွယ်မှစ၍ ပြုစုစောင့်ရှောက်ခဲ့သည်။ ကျောင်းနေအရွယ်သို့မရောက်မီမိဘများက မိမိတို့သားသမီး များအား လူ့လောကကြီးအကြောင်းကို မိမိတို့သမျှ၊ တတ်သမျှ ပြော၊ဆို၊ ဆုံးမကြသည်။ ထို့ကြောင့် မိဘများသည် သားသမီးများ၏ဆရာဖြစ်ကြောင်းကို “လက်ဦးဆရာမည်ထိုက်စွာသား၊ပုဗ္ဗစရိယ မိနှင့်ဖ”ဆိုသည့်စကားက သက်သေတည်နေပါသည်။
လောကတွင် သိအပ်သောပညာရပ်များကို စနစ်တကျခွဲခြမ်းစိတ်ဖြာ၍သင်ကြားပေးသောကျောင်းနှင့်ကျောင်းဆရာတို့သည် လူ့အဖွဲ့အစည်းပေါ်ပေါက်လာချိန်မှစ၍ စတင်ခဲ့သည်။ လူမှုဘဝတွင်သိမှုနယ်ပယ်သည် ကြီးမားကျယ်ပြန့်သည်နှင့်အမျှ နယ်ပယ်ကိုလိုက်၍ ဆရာများကခွဲခြမ်းစိတ်ဖြာပြီးသိအပ်သည်များကို မူလအခြေခံသိအပ်သောဆရာ၊ မူလမှကျော်၍ သိအပ်သောအရာ၊ အထက်တန်း လွန်သိအပ်သောအရာစသည်ဖြင့်သိသင့်၊ သိထိုက်စရာများကို သိအောင် တပည့်များအား သင်ကြား ပေးသူမှာ ဆရာများပင်ဖြစ်သည်။
မိမိ၏တပည့်များကို မိမိတို့ရင်ဝယ်သားကဲ့သို့တပည့်များ၏ဘဝမတိမ်းစောင်းဘဲ ပြုပြင်ပဲ့ကိုင် ထိန်းကျောင်းပေးသည့် ပဲ့ကိုင်ရှင်မှာ ဆရာများပင်ဖြစ်သည်။တစ်နည်းဆိုရသော်မိမိတို့တပည့်များ၏ အသိဉာဏ်အလင်းရရှိအောင် ပညာဆီမီးထွန်းညှိပေးသူများမှာလည်းဆရာများပင်ဖြစ်ပါသည်။
ဆရာ၏ဂုဏ်ရည်ကို ပမာပြရသော် လက်ရာညံ့၍အလှမမီသောယမင်းရုပ်သည်ထုဆစ်သူ ပန်းပုဆရာ၏ခပ်ညံ့ညံ့ပညာကို လှစ်ဟဖော်ပြနေသကဲ့သို့ လက်ရာမြောက်၍ အသက်ဝင်သောယမင်းရုပ်မှာ လက်ရာရှင်ပန်းပုဆရာ၏ ပါရမီပြည့်ဝမှုနှင့် အရည်အချင်း အတတ်ပညာကို ဖော်ညွှန်းနေပေသည်။
ပန်းပုပညာအရည်အသွေးသည် ပန်းပုဆရာ၏ အရည်အချင်းအပေါ်တွင်တိုက်ရိုက်တည် မီနေသကဲ့သို့ ပညာတိုင်း၊ ပညာတိုင်း၏ အရည်အသွေးသည် ပညာကမ်းဆင့်သူဆရာတို့၏အရည် အချင်းအပေါ် တည်မီနေပါသည်။ အရည်အချင်းမြင့်ပါမှ ပညာအရည်အသွေးမြင့်ပါလိမ့်မည်။
ပညာဟုဆိုရာတွင် ဝိဇ္ဇတည်းဟူသော အသိပညာနှင့်သိပ္ပံတည်းဟူသော အတတ်ပညာဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ဆရာတော် ရှင်မဟာရဋ္ဌသာရကလည်း “ဝိဇ္ဇသိပ္ပလူ့ကိစ္စ”ဟု သုံးနှုန်းမိန့် ဆိုခဲ့ပါသည်။ အသိပညာ၊ အတတ်ပညာရှာမှီးခြင်းသည် လူတို့နှင့်သာဆိုသောကိစ္စဖြစ်သည်။ လူတို့၏ အမှတ်လက္ခဏာဖြစ်သည့်လူပီသရန် ပညာသင်ယူကြရမည်။ သင်ယူသူရှိလျှင်သင်ကြားပေးသူဆရာ လည်း ရှိရပါမည်။
ဆရာသည် “သင်ခြေပညာနှင့်သင်ဝေပညာ”ဖြည့်ဆည်းထားရန်လိုအပ်ပါသည်။သင်ခြေပညာ ဆိုသည်မှာ မိမိသင်ကြားပို့ချရမည့် အခြေခံအကြောင်းအရာ ဘာသာရပ်ကို ဆိုလိုပါသည်။ဘာသာ ရပ်မကျွမ်းကျင်ဘဲ ဆရာလုပ်လျှင် အရည်အချင်းရှိသော ဆရာမဖြစ်နိုင်ပေ။ အရည်အသွေးမြင့်သောပညာကိုလည်း လက်ဆင့်ကမ်းနိုင်မည် မဟုတ်ပေ။ ဆရာသည် မိမိဘာသာရပ်အတွက် သိမြင်နှံ့စပ် သူဖြစ်ရမည်။မိမိဘာသာရပ်အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိရမည်။ ထိုမျှသာမက မိမိဘာသာရပ် မဟုတ်သောဆက်စပ်ရာအကြောင်းအရာတို့ကိုလည်း ဗဟုသုတရှိနေရမည်ဖြစ်သည်။ ဆရာတစ် ယောက်သည် ဝမ်းစာပြည့်ဖို့လိုပါသည်။ဝမ်းစာပြည့်မှသာ အတွေးသစ်အမြင်သစ်များဖြင့် မိမိအရည် အချင်းကို မြှင့်ရာရောက်မည်ဖြစ်သည်။
သင်ဝေပညာဆိုသည်မှာ သင်ကြားမျှဝေပုံနည်းဖြစ်သည်။မိမိသင်ကြားရသည့်ဘာသာရပ်ကို ဘာသင်မလဲဆိုတာထက် ဘယ်လိုသင်မလဲက ပို၍အရေးကြီးပါသည်။ သင်ဝေပညာဖြည့်ဆည်းခြင်းအားဖြင့် ဆရာတို့ အရည်အချင်းပြည့်ဝနေပေလိမ့်မည်။
မာဃဒေဝလင်္ကာသစ်တွင်
ဆရာတော်က-
“ရှေ့ရှုမေတ္တာ၊ ကရုဏာနှင့် နာနာကျင်ကျင်အပြစ်မြင်တိုင်းဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူလော့” ဟု ဖွင့်ဆိုထားခဲ့ပါသည်။
ဤနေရာတွင် ဆရာဟုဆိုရာ၌ သံဝရမင်းသား၏ ဆရာနှင့်အင်္ဂုလိမာလ၏ဆရာဟူ၍ နှစ်မျိုး ဖတ်ရှုလေ့လာသိရှိရပါသည်။ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးတွင် သားတော်အပါးတစ်ရာ၌အငယ်ဆုံးသားဖြစ်သော သံဝရမင်းသားမှာ သူ၏မင်းဆရာ၏ လိမ္မာပါးနပ်စွာ သွန်သင်ညွှန်ပြဆုံးမလမ်းညွှန်မှုကြောင့် ထီးနန်းစည်းစိမ်ကို ဆက်ခံရသူဖြစ်လာခဲ့ပြီး၊ အင်္ဂုလိမာလမှာ ဆရာကိုးကွယ်မှုမှားခဲ့၍ ပစ္စုပ္ပန်သာမက သံသရာအထိ အတိဒုက္ခရောက်ခဲ့သည့်သာဓကများ ရှိခဲ့ပါသည်။
ယနေ့ခေတ်သည်သတင်းအချက်အလက်နှင့် နည်းပညာများ တိုးတက်ထွန်းကား နေသော ကာလဖြစ်သည်။ ပညာအရည်အသွေးမြင့်မားစေရန်အတွက်ဆရာအရည်အသွေးမြင့်မားနေရပါမည်။ ထို့ကြောင့် ဆရာဟူသည်တပည့်များကို ပညာသင်ကြားပေးရုံသာမကတပည့်တို့၏အားကိုး အားထား ရာ၊ တပည့်အပေါင်းတို့၏ဘဝလမ်းမှန်ကို ပြဆိုနိုင်သူ၊ တပည့်တို့၏မှားယွင်းသည့်ယုံမှားသံသယများ ကို အမှန်သို့ရောက်အောင် လမ်းညွှန်နိုင်သူ၊ တပည့်တို့၏ပညာအလင်းရောင်ကိုဖော်ဆောင်ပေးနိုင် သူများဖြစ်ရန် အထူးလိုအပ်လှပေသည်။
ခင်နှင်းရည်(ရန်ကုန်တက္ကသိုလ်)