အစဉ်အလာကောင်းတဲ့မိဘဆရာအသင်းများအားဖြည့်ဖို့လိုတယ်

(၁)

အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်၊မိဘဆရာအသင်းများရဲ့ဦး ဆောင်မှုနဲ့ကျောင်းလုပ်ငန်းအသီးသီး ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စကို၁၆.၃.၂၀၁၅ ရက်နေ့က မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့ဦးစီးဌာနအစည်းအဝေးခန်းမမှာကျင်းပခဲ့တယ်လို့သတင်းစာမှာဖတ်လိုက်ရပါတယ်။

ဆွေးနွေးပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီကအမှာ စကားပြောကြားပြီး မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပြည်နယ်၊ တိုင်းဒေသကြီးများမှညွှန်ကြား ရေးမှူး (ပညာ)များနဲ့တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြကြောင်း သိရှိရပါတယ်။အခြေခံပညာ ကျောင်းများအတွက် အကျိုးရှိတဲ့ဆွေးနွေးပွဲ တစ်ရပ်ပါ။

၂၀၁၅-၂၀၁၆ပညာသင်နှစ်မှာ မိဘဆရာအသင်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာသမားရိုး ကျဆောင်ရွက်မှုမျိုးတွေ ဖြစ်နေလို့မရတော့ပါဘူး။ လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်နေရင်ဖြစ်ရိုးဖြစ်စဉ် အတိုင်းပဲ ဖြစ်နေမှာပါ။ ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ၊ လိုအပ်ချက်တွေနဲ့အညီနည်းဗျူဟာတွေ၊လုပ်နည်းစနစ်တွေ၊ အင်အားဖြည့်ဆည်းမှုတွေ၊ Organizational Development တွေ၊ CapacityBuilding တွေလုပ်ကြရမှာဖြစ်ပါတယ်။ ကိုယ်သွားချင်တဲ့နေရာကိုသွားဖို့ အခုကိုယ်ဘယ်နေရာရောက်နေပြီလဲဆိုတာ အရင်သိဖို့လိုပါမယ်။ ဒီနေ့ မိဘဆရာအသင်းတွေရဲ့ ရပ်တည်မှုအခြေအနေ၊ ရပ်တည်နေရတဲ့အနေအထားတွေကိုSWOT Analysis လေ့လာခြင်းနဲ့ ဆန်းစစ်ကြည့်ရအောင်။

SWOT Analysis ဆိုတာကတော့ Strengths (အားသာချက်များ)၊Weakness (အားနည်း ချက်များ)၊ Opportunities (အခွင့်အလမ်းများ)၊ Threats (အဟန့်အတားများ)ဆိုတဲ့အချက်တွေနဲ့ ဆန်းစစ်လေ့လာမှုတွေ ဖြစ်ပါတယ်။

မိဘဆရာအသင်း၏ အားသာချက်များ (S)

*                   မိဘဆရာအသင်းကို အခြေခံပညာကျောင်းများတွင်၁၉၅၇ ခုနှစ်ကတည်းက      ဖွဲ့စည်းဆောင်ရွက်ခဲ့ရာယခုအချိန်အထိ ကျောင်းများတွင်ဂုဏ်သိက္ခာရှိရှိ ကျောင်း၏အကျိုးကို ဆောင်ရွက်နေခြင်း။

*                   “မိဘဆရာပူးပေါင်း၊ကလေးပညာကောင်း”ဟူသည့် မိဘဆရာအသင်း၏ ဆောင်ပုဒ်နှင့်အညီ၊ မိဘနှင့်ဆရာပူးပေါင်းဆောင်ရွက်မှုကြောင့်ဘက်စုံဖွံ့ဖြိုးမှုရလဒ်ကောင်း များ အစဉ်အဆက်ရရှိခဲ့ခြင်း။

*                   မိဘဆရာအသင်းအလုပ်အမှုဆောင်အဖွဲ့ကိုဒီမိုကရေစီကျင့်စဉ်အရ အများ ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခြင်းဖြစ်၍ မိဘများနှင့်ဆရာများ၏ကိုယ်စားပြုအဖွဲ့အစည်းဖြစ်ခြင်း။ မိဘဆရာအသင်းဥက္ကဋ္ဌမှာ ရာထူးအရသာ ကျောင်းအုပ်ကြီးက တာဝန်ယူရခြင်း။

*                   မိဘတစ်ဦးချင်းစီ၏ထည့်ဝင်သည့်ရန်ပုံငွေ(ယခင်က)ဖြင့် ကျောင်းများ၏ ဆောက်လုပ်ရေး၊ ဖွံ့ဖြိုးရေး၊ အားကစားနှင့်စာကြည့်တိုက်လုပ်ငန်းများ တိုးတက်စေရန်စနစ် တကျဆောင်ရွက်ပေးနိုင်ခြင်း ဩဇာရှိရှိ၊ သိက္ခာရှိရှိဆောင်ရွက်ပေးခဲ့သည့် အစဉ်အလာ ကောင်းများရှိခြင်း။

မိဘဆရာအသင်း၏ အားနည်းချက်များ(W)

*                   မိဘဆရာအသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်ထူးချွန်ထက်မြက်သည့် ကျောင်းသူကျောင်းသားများ၏ မိဘများသာ၊ ကျောင်း၏ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါဝင်ကူညီ ဆောင်ရွက်ပေးကြခြင်း။ မိဘအနည်းစုသာ ကျောင်းလုပ်ငန်းများကိုစိတ်ဝင်စားမှုရှိခြင်း။

*                   မိဘများထည့်ဝင်သည့်မိဘဆရာအသင်း ရန်ပုံငွေပေါ်တွင်သာမူတည်ပြီး ကျောင်း၏ဘက်စုံဖွံ့ဖြိုးမှုများကို ဆောင်ရွက်ကြရသဖြင့်ချိုတဲ့သောကျောင်းများတွင် ပြုပြင်ချင် သလောက် အခြေအနေမပေးခြင်း။ ယခုအခါတွင် မိဘဆရာအသင်းကြေးဟူ၍မရှိ တော့ခြင်း။

*                   ကျေးလက်ဒေသရှိ မူလတန်းကျောင်းများတွင်ကျောင်းသားမိဘများက စား ဝတ်နေရေးလုံပမ်းနေကြရသဖြင့် ကလေးများ၏စာသင်ကြားနိုင်မှုကို အားပေးမှုမပြုနိုင်ကြ ခြင်း။

*                   အချို့သောကျောင်းများတွင်မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေး ကိုပင် ပုံမှန်မကျင်းပနိုင်ခြင်း။

မိဘဆရာအသင်း၏ အခွင့်အလမ်းများ(O)

*                   ကျောင်း၏ဘက်စု့ဖွံ့ဖြိုးမှုအတွက်ဆရာများနှင့်အတူလက်တွဲဆောင်ရွက်ခွင့်ရ ခြင်း။

*                   ကျောင်း၏အားနည်းချက်၊အားသားချက်များကို အသေးစိတ်သိရှိခွင့်ရပြီး၊ ကောင်းမွန်သောအကြံဉာဏ်များပေးနိုင်ခြင်း၊မိမိတတ်နိုင်သည့်ဘက်က ပူးပေါင်းပါဝင်ဆောင် ရွက်ခွင့်ရရှိနိုင်ခြင်း။

*                   ဆရာဆရာမများ၏အားနည်းချက်၊အားသာချက်၊ ကျောင်းသူကျောင်းသား များ၏ အားနည်းချက်၊ အားသာချက်၊ မိဘများ၏အားနည်းချက်၊အားသာချက်များကို သိရှိခွင့်ရပြီး လိုအပ်သည့်ကူညီပံ့ပိုးမှုများဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း။

*                   မိဘအချင်းချင်း ပညာပေးခြင်း၊ဆွေးနွေးခြင်း၊ ကူညီခြင်းဖြင့်ကျောင်းသူ ကျောင်းသားများ၏ ပညာရည်မြင့်မားရေး ကူညီပံ့ပိုးပေးနိုင်ခြင်း။

*                   မိဘဆရာအသင်းဝင်များ၏အရည်အချင်းရှိလျင်ရှိသလောက်၊တွေးခေါ်မြော်မြင်မှုရှိလျှင်ရှိသလောက်၊ ကျောင်း၏ဘက်စုံဖွံ့ဖြိုးမှုလုပ်ငန်းများကို အကောင်အထည်ဖော်ခွင့်ရရှိခြင်း။

မိဘဆရာအသင်း၏ဆောင်ရွက်ချက်များအားဟန့်တားခြိမ်းခြောက်မှုများ(T) 

*                   မိဘအများစုအား၊ ကျောင်းသို့ရောက်အောင်မဆောင်ရွက်နိုင်ခြင်း။

*                   မိဘဆရာအသင်းအလုပ်အမှုဆောင်များလောက်သာကျောင်းကိုစိတ်ဝင်စား မှုရှိပြီး မိဘအချင်းချင်းပညာပေး စည်းရုံးဆောင်ရွက် မှုများမပြုလုပ်နိုင်ခြင်း။

*                   အချို့သော ကျောင်းအကျိုးဆောင်များကကျောင်းအုပ်ကြီးနှင့် မိဘဆရာ အသင်းဝင်များအပေါ် လွှမ်းမိုးချုပ်ကိုင်ခြင်း။

*                   မိဘဆရာအသင်းတွင် ရံပုံငွေအားနည်းခြင်း။

*                   မိဘဆရာအသင်းအား ဖျက်သိမ်းပြီး၊ကျောင်းအုပ်ချုပ်မှုကော်မတီဖြင့် အစား ထိုးရန်လိုလားသူအချို့ရှိနေခြင်း။

(၂)

မိဘဆရာအသင်းရဲ့ဆောင်ရွက်ချက်တွေကို SWOt Analysis လုပ်ကြည့်တဲ့အခါ၊ဘာတွေ ဆက်လုပ်သင့်သလဲဆိုတဲ့ အချက်တွေပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

မိဘဆရာအသင်းအလုပ်အမှုဆောင်အဖွဲ့မှာပါတဲ့ မိဘအရေအတွက်ဘယ်လောက်ရှိသလဲ။အထက်တန်းကျောင်းမှာ ၇ ဦး၊ အလယ်တန်းကျောင်းမှာ ၆ ဦးနဲ့မူလတန်းကျောင်းမှာ ၃ဦးပဲပါဝင်တယ်။တကယ်တော့မိဘတွေများများပါဝင်နေရမှာ။ အထက်တန်းကျောင်းမှာ မိဘ ၇ ဦးကို အခြေပြုပြီး အနည်းဆုံး၇၀ဦးပါတဲ့အဖွဲ့တွေ၊ အလယ်တန်းကျောင်းမှာ မိဘ ၆ဦးကို အခြေပြုပြီးအနည်းဆုံးမိဘ ၆၀ဦးပါတဲ့အဖွဲ့တွေ၊ မူလတန်းကျောင်းမှာလည်း မိဘ ၃ဦးကိုအခြေပြုပြီး အနည်းဆုံး မိဘ ၃၀ဦးပါဝင်တဲ့အဖွဲ့တွေတိုးချဲ့ဖွဲ့စည်းအားဖြည့်ဖို့လိုလာပြီ။

ဘယ်လိုအဖွဲ့တွေတိုးချဲ့ဖွဲ့စည်းလို့ရသလဲ။ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တွေ၊အကြံပေးဆွေးနွေး ရေးအဖွဲ့တွေ၊ ကွန်ရက်အဖွဲ့တွေဆိုပြီး ကျောင်းရဲ့လိုအပ်ချက်၊ ဒေသရဲ့အခြေအနေပေးမှုတွေအပေါ်မူတည်ပြီး ဖွဲ့စည်းသင့်ပါတယ်။

ဥပမာ

*                   ပညာအရည်အသွေးမြင့်မားရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊

*                   ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊

*                   ဝန်းကျင်ကောင်းဖြစ်ထွန်းရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊

*                   ကျောင်းဝင်နှုန်းတိုးတက်ရေး၊ကျောင်းနေမြဲရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊

*                   အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးပညာပေးရေးအဖွဲ့(Organizational Develop- ment Team)

*                   အလှူရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ကွန်ရက်ဆက်သွယ်ဆောင်ရွက် ရေးအဖွဲ့ (Net-Work Action Group) စတဲ့အဖွဲ့အစည်းတွေကို တိုးချဲ့ဆောင်ရွက်သင့်ပါတယ်။ဒါမှ မိဘဆရာအသင်းဆိုတာအုံနဲ့ကျင်းနဲ့ တောင့်တောင့်တင်းတင်း၊ အင်ပြည့်အားပြည့် ဖြစ်လာမှာသေချာပါတယ်။

(၃)

အဖွဲ့တွေတိုးချဲ့ဖွဲ့စည်းတာကတော့ ဟုတ်ပါပြီ၊ ဘယ်လိုအရည်အသွေးရှိတဲ့မိဘတွေနဲ့ဖွဲ့သင့်ပါသလဲ။

ပညာရေးအတွက် စိတ်ကောင်း၊ စေတနာကောင်းနဲ့ လုပ်ဆောင်ပေးချင်သူတွေ၊ပညာရေး ဆိုင်ရာဗဟုသုတပြည့်စုံပြီး စိတ်ဝင်စားသူတွေ၊ ယုံကြည်လေးစားအားကိုးထိုက်တဲ့ ရပ်မိရပ်ဖတွေ၊အငြိမ်းစား ဆရာကြီးဆရာမကြီးတွေ၊ ခေါင်းဆောင်မှုပေးနိုင်တဲ့ကျောင်းအကျိုးတော်ဆောင်တွေ၊ကျောင်းသားဟောင်းတွေ၊ စေတနာရှင်၊ အလှူရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ပညာရေးကူညီပံ့ပိုးသူတွေနဲ့ ဖွဲ့စည်းသင့်ပါတယ်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ မိဘဆရာအသင်းကို အခင်းအကျင်းအသစ်နဲ့စတင်သင့်ပါပြီ။ စတင်နိုင်ဖို့အတွက် Orgnigational Development Team တွေဖွဲ့ပြီး တိုင်းအလိုက်ခရိုင်အလိုက်ပညာပေးလုပ်ငန်းတွေ စတင်ဆောင်ရွက်သင့်ပါပြီ။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အစမှာ ကျောင်းနေ အရွယ်ကလေးတိုင်းကျောင်းနေနိုင်ရေးဆောင်ရွက်မှုမှာမိဘဆရာအသင်းအနေနဲ့ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့တွေဖွဲ့စည်းပြီး ယခင်နှစ်ထက်စွမ်းအားကောင်းတဲ့ဆောင်ရွက်မှုတွေလုပ်ကြရတော့မှာပါ။ အရက်ဘက်လူ့အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ စေတနာရှင်တွေနဲ့လက်တွဲပြီးကျောင်းနေမယ့် အသက်အရွယ်ရှိကလေးတွေရဲ့စာရင်းတွေကို တစ်ယောက်မကျန်ရရှိအောင် ကောက်ကြရတော့မယ်။ ကလေးတွေအားလုံး ကျောင်း တက်နိုင်အောင်ကူညီကြရမယ်။ ပံ့ပိုးကြရမယ်။ ကျောင်းနေမြဲရေးအတွက် ဘယ်လိုအစီအစဉ်တွေ ရေးဆွဲဆောင်ရွက်မယ်။မိဘတွေကို ဘယ်လိုစည်းရုံးမယ်၊ ပညာပေးမယ်ဆိုတာတွေကို ကြိုတင် စဉ်းစား ပြင်ဆင်ထားကြရတော့မှာပါ။“မိဘဆရာပူးပေါင်း၊ ကလေးပညာကောင်း”ဆိုရာမှာ သာမန် ပူးပေါင်းရုံနဲ့ မရတော့ဘူး။ သာမန်ပညာကောင်းရုံလေးနဲ့ကျေနပ်နေလို့မဖြစ်တော့ပါကြောင်း တိုက် တွန်းနှိုးဆော်ပါရစေ။ ဒါအစပဲရှိပါသေးတယ်။

အောင်ခိုင်မြင့် (ပညာရေး)