အညွန့်ချိုးပညာရေး
ကျွန်တော့်ကို မိဘတစ်ဦးက သူ့သားကို ကျောင်းရောက်ရင် U Ba လို့ အဖေနာမည်ကို ရေးခိုင်းပြီး အိမ်မှာတော့ အမည်အမှန်အတိုင်းရေးတတ်အောင် သင်ပေးထားရတယ်လို့ ပြောပါတယ်။
ကျွန်တော် စိတ်မကောင်းဘူးဗျာ။ တကယ်ဆိုရင် ကျွန်တော်တို့ ကလေးတွေကိုပါ လိမ်ခိုင်းနေရတော့ ဘယ်မှာ အမှန်တရားကို ရင်ဆိုင်ရဲတော့မလဲ။
မြန်မာ့ပညာရေးစနစ်အမှန်ကို ကြည့်ချင်ရင် ကျေးလက်တွေ ဆင်းကြည့်ဗျာ။ ပညာရေးတက္ကသိုလ် လေ့ကျင့် ရေးကျောင်းလောက်နဲ့ ပိုင်းဖြတ်တာတွေ၊ သုတေသနလုပ်နေတာတွေ၊ စီမံချက်ချနေတာတွေ လုပ်နေရင်တော့ မှားနေပြီလို့ ပြောချင်သဗျာ။
တော ကျောင်းတွေမှာ လာကြည့်ဗျာ။ ကလေးတွေကို မနက်ကျောင်းလာကတည်းက လက်တွေ၊ စိတ်တွေကို ကြိုးတုတ်ထားတာ။ ကျောင်းလာတဲ့ ကလေးတွေအားလုံး လက်လေးတွေ ပိုက်လာရတယ်။ ကလေးဆိုတာ လက်ကလေးတွေနဲ့ အတူ စိတ်တွေလှုပ်ရှားနေရမယ်။ လိပ်ပြာလေးတွေ၊ ပုစဉ်းကောင်လေးတွေဖမ်းချင် ဖမ်းမယ်။ ပန်းလေးတွေ ခူးချင်ခူးမယ်၊ သစ်ရွက်လေးတွေ ခေါက်ပြီး ပီပီမှုတ်ချင်မှုတ်မယ်။ အဲဒါကို ကျောင်းလာလို့ လက်ပိုက်ဖြုတ်လာတဲ့ကလေးတွေကို လာတိုင်ဆိုပြီး ခေါ်ရိုက်ရင် သူတို့ စိတ်ဓာတ်တွေကို အမှောင်ချလိုက်ပြီပေါ့။ အဲဒါ အညွန့်ချိုးပညာရေးခေါ်သဗျာ။
ကျွန်တော်တို့ ပညာရေးစနစ်က တုတ်နှောင်ထားရမယ်၊ ချုပ်ထားရမယ်၊ ချွန်မထွက်ရဘူး၊ ဖောက်မထွက်ရဘူး ဆိုပြီး တားမြစ်ကန့်သတ်ထားတဲ့ ပညာရေးပါ။ Creativity မရှိ၊ လုပ်လို့မရအောင် အဘက်ဘက်က ဖျက်ဆီးထားတော့ အမှိုက်ပုံထဲနေပါများ ပုပ်စော်နဲ့ နှာခေါင်း ယဉ်ပါးသွားသလို ဖြစ်နေပါပေါ့လား။
ကလေးတစ်ယောက်က ကွက်လပ်မှာ စာလုံးတစ်လုံး ဖြည့်လာတယ်။ ပန်းခြံထဲတွင် _______ တစ်ကောင် ပြေးနေသည် ဆိုတဲ့ ကွက်လပ်ထဲမှာ “ယုန်” လို့ဖြည့်ထားတာကို ဆရာမက အမှားပေးလိုက်တယ်။ ကလေးက မျက်နှာငယ်လေးနဲ့ စာအုပ်ကိုပြန်ယူလာတယ်။ ဆရာမက ပန်းခြံထဲတွင် ခွေးတစ်ကောင် ပြေးနေသည်လို့ သင်ထားတာ။ ခွေးမဟုတ်ဘဲ ယုန်ဖြစ်နေတာ မှားသတဲ့။
ဆရာမရယ် ခင်ဗျား ကလေးတစ်ယောက်ကို တစ်ချက်တည်း ပစ်သတ်လိုက်တာ သတိထားမိလိုက်ရဲ့လား။ အဲဒီကလေးရဲ့ နှလုံးသားတည့်တည့်မှန်သွားပြီ။ ကျွန်တော်တို့ ပညာရေးရဲ့ တပ်သားကောင်း တစ်ယောက် ကျဆုံးသွားရပြီဆရာမရေ။
ခေတ်စနစ်က ကျွန်တော်တို့ သားသမီးတွေကို လူညွန့်တုံးအောင် စနစ်တကျ ဖျက်ဆီးနေတာကို မြင်တတ် အောင်ကြည့်ကြပါလားခင်ဗျာ။ ဆရာမက “ခွေး” လို့ သင်ထားတာကို “ယုန်” လို့ပြောင်းရေးနိုင်စွမ်းရှိတဲ့ ကလေး ကို “တော်လိုက်တာကွယ်” လို့ ဆရာမက ပြောပေးရမယ့်အစား မင်နီလေးတစ်ချက်နဲ့ ကြက်ခြေလေးခတ်ပြီး တစ်ချက်တည်း ပစ်သတ်ရက်လိုက်တာဗျာ။
ဆရာတို့ .. ဆရာမတို့ရေ ကျွန်တော်တို့ကို ခေတ်နဲ့ စနစ်က လူမွေးလူတောင် မပြောင်အောင် ရည်ရွယ်ချက်နဲ့ လုပ်ထားတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်းဖောက်ထွက်၊ ဖောက်ထွက်လာတဲ့ ကလေးတွေကိုလည်း ကြိုဆို၊ မဖောက်ထွက်နိုင်သေးတဲ့ ကလေးတွေကိုလည်း ဖောက်ထွက်နိုင်အောင် လက်ကမ်း၊ ရည်မှန်းချက် အသစ်တွေနဲ့ ခေတ်စနစ်ကို ပြန်တိုက်ကြရအောင်လား။
ဒါနိုင်ငံရေးလုပ်ခိုင်းတာမဟုတ်ဘူးနော်။ ကြောက်မသွားနဲ့။ လေးစားလျက်ပါ ဆရာတို့ခင်ဗျား။ ကျွန်တော်တို့ ကလေးတွေကို ကယ်တင်ပေးကြပါ။
Source Credit :
၁၃.၁၀.၂၀၁၅
http://www.maukkha.org/…/essay-mau…/8519-2015-10-13-03-09-50