ကံမကောင်းလို့ ကျောင်းဆရာဖြစ်ရတာလား
မောင်ဒီပငယ်စဉ်တုန်းကရှစ်တန်းအောင်ပြီးတဲ့အထိကို ဘဝမှာဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ်ဆို တာမျိုးမရှိသေးပါဘူး။ ကိုးတန်းတက်တော့မှသာ စစ်ဗိုလ်ဖြစ်ချင်တဲ့ ရောဂါထလာတာပါ။ အဲဒါကလည်း မောင်ဒီပကို ငါးတန်းခြောက်တန်းလောက်တုန်းက စာသင်ပေးတဲ့ ဆရာတစ်ယောက်အလုပ်ကထွက်ပြီး တပ်ထဲဝင်သွားတယ်။ မောင်ဒီပတို့ ကိုးတန်းကျောင်းသားဖြစ်တော့မှ ခွင့်နဲ့ပြန်လာပြီး စစ်ဗိုလ်ဝတ်စုံနဲ့ကျောင်းကိုလာ လည်တာ တယ်စမတ် (smart) ကျသကိုး။ အဲဒါမြင်ပြီးတော့ မောင်ဒီပ အပါအဝင်ကျောင်းသားအတော်များ များစစ်ဗိုလ်ဖြစ် ချင်သွားကြတော့တာပါပဲ။
ဒါပေမဲ့ ဆယ်တန်းအောင်လို့ ဗိုလ်သင်တန်း လျှောက်မယ်ဆိုတော့ဘွားအေကြီးက လုံဝကိုသဘော မတူပါဘူး။ ” ငါ့မြေးရယ် စစ်ထဲမဝင်ချင်ပါနဲ့။ ကျောင်းဆရာပဲလုပ်ပါ။ကျောင်းဆရာအလုပ်က ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့အလုပ်ပါ" ဆိုပြီးကန့်ကွက်တိုက်တွန်းတွေဖြစ်လာပါတော့တယ်။မောင်ဒီပအတွက် အတော့ကို အကျပ် ရိုက်သွားစေချင်ပါတယ်။ မောင်ဒီပမိဘတွေကလည်း အဘွားစကားကိုပဲနားထောင်စေချင်ပါတယ်။ ဒီ တော့မောင်ဒီပလည်းဘွားအေကြီးစိတ်ချမ်းသာရင်ပြီးရော။ နောက်ကျတော့လည်းကိုယ်အားကျခဲ့တဲ့ ဆရာလိုပဲ ကျောင်းဆရာဘဝကနေ တပ်ထဲပြောင်းဝင်လည်းရတာပဲဆိုပြီး ပညာရေးတက္ကသိုလ်ပဲတက်လိုက်ပါတယ်။
ဝါသနာမပါပဲ ကျောင်းဆရာလုပ်ခဲ့ရပေမယ့် ကံကောင်းသွားတာကတော့ပညာရေးတက္ကသိုလ်ကဆရာ ဆရာမကြီးတွေရဲ့ ကျေးဇူးကြောင့် ဆရာတစ်ယောက်ဟာ တပည့်လေးတွေရဲ့ဘဝအတွက်ဘယ်လောက် တောင် အရေးကြီးတယ်ဆိုတာကိုတော့ သဘောပေါက်နားလည်ခဲ့ပါတယ်။ ဒါကြောင့်လည်းဆရာဖြစ်လာတော့"ငါသင်ပေးရတဲ့ ဘာသာရပ်ကြောင့်တော့ ငါတပည့်လေးတွေ ဘယ်တော့မှဒုက္ခမရောက်စေရဘူး"ဆိုတဲ့သန္နိဋ္ဌာန်စိတ်နဲ့ သင်ကြားပြသပေးခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေပေးလာတဲ့ တစ်နေ့မှာတပ်ထဲဝင်မယ်၊ဒါမှမ ဟုတ်တခြားအလုပ်ပြောင်းလုပ်မယ်ဆိုတဲ့ ဆန္ဒကတော့ရှင်သန်ဆဲပါပဲ။
ဝါသနာတို့ ခံယူချက်တို့နဲ့ဆရာဝင်လုပ်တာမဟုတ်တော့ဌာနတွင်းမှာတွေ့ကြုံရတဲ့ အဆင်မပြေမှု တွေ ကိုလည်း နာလိုခံခက်ဖြစ်ခဲ့ရပါတယ်။ ဆိုပါတော့ကိုယ်နဲ့လစာနှုန်းချင်း အတူတူရတဲ့ လက်ထောက်မြို့ပိုင်က ခရီသွားရင်း မီးရထားအထက်တန်းခရဲ့တစ်ဆခွဲခံစားခွင့်ရှိတယ်။ မောင်ဒီပတို့ ကျောင်းဆရာတွေကျတော့ ခရီးသွားရင်း အနိမ့်ဆုံးအတန်းရဲ့အမှန်တကယ်ကုန်ကျစရိတ်သာ ခံစားခွင့်ရှိတယ်ဆိုတာမျိုးတွေနဲ့ ကြုံရ တယ်။
မောင်ဒီပတို့ကျောင်းမှာအသက်လေးငါးဆယ်လောက်ဖြစ်နေတဲ့စီနီယာ(senior) ဆရာတချို့ရှိတယ်။ သူတို့ကရံဖန်ရံခါ ညနေဘက်ဆိုဘုံဆိုင်ထိုင်တက်ကြတယ်။ နေ့တိုင်းလည်းမဟုတ်ပါဘူး။ကျောင်းဆရာပီပီ ခပ် မွဲမွဲတွေပါ။ သူတို့ရဲ့ခါးသီးကြမ်းတမ်းလှတဲ့ ဘဝအမောတွေကို ဒီနည်းနဲ့ထွက်ပေါက်ရှာနေကြတာ။မောင်ဒီပ လည်း သဘောတွေ့လှတော့မဟုတ်ပါဘူး။ သို့ပေမဲ့ သူတို့တွေရဲ့ ဘဝမပြည့်ဆုံမှုတွေကိုစာနာပြီး နားလည်မှု နဲ့နေခဲ့ပါတယ်။ ဒါပေမဲ့ မြို့နယ်အကြီးအကဲတွေပါတက်ရောက်တဲ့ တစ်ခုတည်းသောအစည်းအဝေးမှာပေါ့၊မိဘတစ်ဦးကကျောင်းဆရာတွေဘုံဆိုင်သွားနေတဲ့ ကိစ္စမသင့်တော်ဘူးဆိုပြီး ဆွေးနွေးပါတယ်။သူတို့ခမျာ မြို့နယ်ပညာရေးမှုးကြီးရဲ့ သတိပေးဆုံးမခံကြရပါတယ်။
သို့သော်လည်းပေါ့လေ၊ အဲဒီမသင့်တော်ပါဘူးလို့တင်ပြတဲ့မိဘကြီးကပဲ အခြားသောဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေကို သူ့အိမ်မှာဖိတ်ကြားပြီး အရက်ဝိုင်းနဲ့ဧည့်ခံတယ်။ အမူးလွန်နေတဲ့အရာရှိတွေကို ညအချိန်မတော် မှာ အဲဒီမိဘကိုယ်တိုင်တွဲပိုးပြီးပြန်ပို့ပေးတာတွေကျတော့လည်း သင့်တော်နေပြန်တယ်နဲ့တူပါတယ်။ ဒီလို တွေသိ၊ မြင်တွေ့နေရတော့မောင်ဒီပကလည်း မရင့်ကျက်သေးတော့ ခံပြင်းမှုနဲ့ အတူခံစားရပါတယ်။ ကံဆိုး လွန်းလို့ ကျောင်းဆရာဖြစ်ရလေတယ်လို့လည်းတွေးမိပါတယ်။ ဌာနပြောင်းချင်တဲ့ ဆုံးဖြတ်ချက်က ပိုပိုပြီး ခိုင်မာလာပါတယ်။
ဒီကြားထဲမှာ မီးလောင်ရာလေပင့်ရုံသာမက ဓာတ်ဆီပါလောင်းပေးတဲ့အဖြစ်တစ်ခုလည်းပေါ်လာ လိုက်သေးတယ်။ အဖြစ်ကတော့ တခြားဟုတ်ပါရိုးလား၊ မိန်းမယူမယ်လုပ်တော့၊ အိမ်တွင်းညွှန်ကြား ရေးမှူး ဖြစ်မဲ့အလောင်းလျာက ဗေဒင်မေးရမယ်ဆိုပြီး ဆရာစန္ဒြထံခေါ်သွားပါလေရော။ဆရာစန္ဒြက သူဟောစရာရှိ တာတွေဟောလည်းပြီးရော “အင်း..စစ်ထဲဝင်ချင်တဲ့ စိတ်များမရှိဘူးလားဆရာလေး”တဲ့။ “ဟုတ်ကဲ့ ဝင်ချင် ပါတယ်” ဆိုတော့ “ဘာကြောင့်မဝင်တာလဲကွ၊ မင်းလိုလူမျိုး စစ်ထဲဝင်လို့အလွန်ကောင်းတာ။ မင်းမှာ “ဥပစ္ဆေဒကကံ” လို့ခေါ်တဲ့သူများလက်နက်ကြောင့်သေရမယ့် ကံမပါဘူး။မင်းသာစစ်ထဲဝင်ရင်ရှိသမျှ ဘွဲ့တွေအကုန်ရမှာ” တဲ့။ ချက်ချင်းတောင်အလုပ်ကထွက်ပြီး စစ်တပ်ထဲဝင်ချင်စိတ်ပေါက်သွားပါတယ်။ဒါပေမဲ့ အတားအဆီးကတော့ဘွားအေကြီးပဲ။ ဒီတော့၊ ငါကံနှယ် ဆိုးလေခြင်းပေါ့။
ဒီကြားထဲမှာ“မြွေပူရာ ကင်းမှောင့်” ဆိုတဲ့အဖြစ်မျိုးကဖြစ်ရသေးတယ်။ မောင်ဒီပအလုပ်ဝင်ပြီး ပထမ တစ်နှစ်ပဲ(A) တန်းအတန်းပိုင်ကိုင်ရတယ်။ နောင်နှစ်ကစပြီးတော့ နောက်ဆုံးခန်းတွေဖြစ်တဲ့ (D) ခန်းတို့(E) ခန်းတို့ပဲ ကိုင်ရတယ်။ သိတယ်မို့လား၊ နောက်ဆုံးအခန်းတွေဆိုတာ များသောအားဖြင့် လူကောင်တွေကကြီးကြီး၊ ဉာဏ်ကတော့သေးသေး၊ စရိုက်ကလည်းရမ်း၊ နှုတ်ကျတော့လည်းကြမ်းဆိုတာမျိုးတွေကများများရယ်။ထစ်ကနဲဆို ထိုးကြကြိတ်ကြသမားတွေ အမှုအခင်း ပြဿနာကလည်း များမှများတွေ ဆိုတော့စိတ်အနှောင့်အယှက် အလွန်မှများရပါတယ်။ ဒီလိုဖြစ်လေ အလုပ်ပြောင်းချင်လေပါပဲ။
ထားပါတော့။ဘာတွေပဲဖြစ်နေဖြစ်နေ၊ မောင်ဒီပမှာ စွဲမြဲနေတဲ့အလေ့အကျင့် ကောင်းလေးတစ် ခုတော့ရှိတယ်။အဲဒါကစာဖတ်ခြင်းပါပဲ။ ဘာသာရေးစာပေရော၊ သုတ၊ ရသစာပေပါအကုန်ဖတ်ပါတယ်။ အထူးသဖြင့် ညအိပ်ရာဝင်ရင်စာတစ်အုပ်မဟုတ်တစ်အုပ်တော့ကောက်ဖတ်ပြီးမှ အိပ်လေ့ရှိပါတယ်။ အဲဒီ စရိုက်ကြောင့်ပဲ တစ်ခုသောညဥ့်ယံမှာမောင်ဒီပရဲ့သဘောထား ပြောင်းလဲသွားစေမယ့် စာတစ်ပုဒ်ကိုဖတ်မိ သွားပါတယ်။
ဘယ်စာအုပ်ထဲမှာဘယ်သူရေးတာဆိုတာတော့ မမှတ်မိတော့ပါဘူး။ အကြောင်းအရာကိုတော့ စွဲစွဲ မြဲမြဲကိုမှတ်မိနေပါတယ်။ဘာသာရေးနဲပညာရေးကိစ္စကိုနွယ်ပြီး ရေးထားတာပါ။ လောကမှာအလှူ ၂ မျိုးရှိ တယ်လို့ဆိုပါတယ်။ပထမတစ်မျိုးကတော့ “ပစ္စည်းဥစ္စာတွေကိုစွန့်လွှတ်လှူဒါန်းတဲ့အလှူ” ၊ ဒုတိယ တစ်မျိုး ကတော့“ပညာကိုဖြန့်ဝေလှူဒါန်းတဲ့အလှူ” ပါတဲ့။ ဒီအလှူနှစ်မျိုးမှာ ပထမအလှူထက် ဒုတိယ အလှူ ကပိုပြီးမြတ်တယ်။အမြတ်ဆုံးအလှူဖြစ်တယ်လို့ မြတ်စွာဘုရားဟောကြားထားတာရှိတယ်လို့ ဆိုထားပါတယ်။
ကျောင်းဆရာဆရာမတွေတပည့်တွေကို စာသင်ပေးနေတာလိမ္မာအောင်သွန်သင် ဆုံးမနေတာတွေ ဟာ “အသိပညာ ဖြန့်ဝေလှူဒါန်းတဲ့အလှူမြောက်ကြောင်း။ ဒါ့ကြောင့်မို့ဆရာ ဆရာမတွေအနေနဲ့ ဒီအသိ ကိုရင်မှာပိုက်ပြီး သင်ကြားပို့ချပေးဖို့တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအရာကို ဖက်ရှုသိမြင်လိုက်ရတော့ မောင်ဒီပ အတော်ကိုအားတက်သွားပါတယ်။ကိုယ့်အလုပ်ကိုလုပ်ရင်းအမြတ်ဆုံးဒါန ကုသိုလ်လည်းရနိုင်တဲ့ ကျောင်းဆရာ အလုပ်အပေါ် ကျေနပ်နှစ်သက်မှုနဲ့အတူဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်မှုတွေလည်း ခံစားလာ ရပါသည်။
ကျောင်ဆရာတွေဆိုတာများသောအားဖြင့်တော့ ပစ္စည်းဥစ္စာမပြည့်စုံကြပါဘူး။ ဒီတော့ပစ္စည်းနဲ့ ပတ် သက်တဲ့အလှူသိပ်မလုပ်နိုင်ကြပါဘူး။မောင်ဒီပလည်းထိုနည်းလည်းကောင်းပါပဲ။ ခုတော့စာသင်ရင်းနဲ့ အမြတ် ဆုံးအလှူပါလှူပြီးသားဖြစ်သွားတယ်ဆိုတာသိရတော့ ဆရာဖြစ်ရတာငါ့ဘဝ အရတော်သားပဲ။ ဘွားအေကြီး ပြောတဲ့ ကုသိုလ်လည်းရဝမ်းလည်းဝဆိုတာကိုလည်းသဘောပေါက်သွားပါတယ်။ ဘွားအေကြီးကိုလည်း ဒီ တော့မှ ကျေးဇူးတင်မိပါတော့တယ်။
ဒီအသိရပြီးနောက်ပိုင်းမှာမောင်ဒီပ စာသင်ရတာပိုပြီးတော့ အားတက်သရောရှိလာပါတယ်။ အလှူ လုပ်နေတာဆိုတဲ့ အသိကြောင့်တပည့်တွေအပေါ်လည်း ပိုပြီးတော့စိတ်ရှည်သီးခံလာနိုင်လာပါတယ်။ ပြေရရင် ဆိုးဆိုးတေတေတပည့်တွေနဲ့နေရတာအသားကျလာတယ်။ပြီးတော့သူတို့ကိုလည်း ချစ်တက်လာတယ်။ ဒီလို နဲ့ကျောင်းပြေး၊ ထန်းရည်သောက်၊ အံစာခေါက်ရုံသာမကဖဲဝိုင်းအထိပါရောက်နေတဲ့တပည့်တွေကို မေတ္တာ စေတနာ၊ အကြင်နာကရုဏာတွေနဲ့လည်း စည်းရုံးဆုံးမသွန်သင်ပေးခဲ့ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့စာတစ်ပုဒ်ကြောင့်မောင်ဒီပ ဆရာအလုပ်အပေါ်မှာ တကယ့်ကို မြတ်နိုးတန်ဖိုး ထားတက်သွားပါတယ်။သဘောထား(Attitute) ပြောင်းလဲသွားတာကြောင့်အလုပ်နဲ့ တပည့်တွေအပေါ်လည်း ရလဒ်ကောင်းတွေဖြစ်ထွန်းခဲ့ပါတယ်။ရှစ်တန်းလောက်နဲ့ကျောင်းသက်ကုန်ပြီး လမ်းဘေးရောက်လောက်တဲ့ သူ တွေလည်း လမ်းကြောင်းပြောင်းသွားကြတယ်။အများစုက ဆယ်တန်းပါအောင်သွားကြပါတယ်။ မောင်ဒီပ လည်းကျောင်းဆရာဘဝကို ပျော်ပိုက်နေပါပြီ။ကိုယ်ပျိုးတဲ့ ပန်းတွေလန်းနေပြီလေ။
ဒီလိုအခြေအနေမှာပဲမောင်ဒီပ အမျှော်လင့်ကြီး မျှော်လင့်နေတဲ့တခြားဌာနကို ပြန်တမ်းဝင်အရာရှိ လ စာနှုန်းထားနဲ့အလုပ်ပြောင်းဖို့အခွင့်အရေးပေါ်လာပါတယ်။ အရင်တုန်းကသဘောထားနဲ့ ဆိုရင်တော့ ဒီအခွင့် အရေးကိုဘယ်လက်လွှတ်ခံပါ့မလဲ။ ကခုန်ပြီးတော့ကိုကူးမှာပါ။ ခုကတော့ မတူတော့ဘူးလေ ဟိုတုန်းက ကံမကောင်းလို့ကျောင်းဆရာဖြစ်ခဲ့ရတယ်လို့ မှားယွင်းစွာတွေးခဲ့မိပါတယ်။ ခုအချိန်မှာတော့ကံကောင်းလွန်း လို့သာ ကျောင်းဆရာဖြစ်ရတာလို့ ပျော်ပျော်ကြီးခံယူနေပါပြီ။ ဒါ့ကြောင့်တခြားဌာနမှာပြန်တမ်းဝင် အရာရှိ ဖြစ်နိုင်တဲ့ အခွင့်အရေးကိုမမက်မောတော့ဘဲ တာ့တာလုပ်နိုင်ခဲ့ပါတယ်။