“ဘယ်လိုပဲဖြစ်ဖြစ် ဒါလေးတော့အရင်ပြောင်းပေးကြပါ”
အိုဘားမားလာတုန်းကတော့ ပြောသွားတယ်။ အိပ်မက်ကြီးကြီးမက်ကြပါတဲ့။ဟုတ်တယ်ဆိုပြီး ပညာရေးမှာ အိပ်မက်ကြီးကြီးမက်ကြည့်ကြတယ်။ အိပ်မက်ကကြီးလွန်းနေလို့ လားတော့မသိဘူး။မက်လို့မမက်နိုင်ဘူးဖြစ်နေတယ်။ မက်နိုးမက်နိုးနဲ့ မိုးကလည်းလင်းတော့မယ်။ ဒီညအတွင်းတော့မီပါဦးတော့မလားပဲ။
မြန်မာ့ပညာရေး ပြောင်းတော့မယ်၊ ကောင်းတော့မယ်ဆိုလို့အားတက်သရောမျှော်လိုက်ရတာ လည်ပင်းကိုး တောင်ပြည့်လုပါပေါ့ ဆိုသလိုဖြစ်နေပြီ။ နိုင်ငံရေးခေတ်အပြောင်းမှာပညာရေးစနစ်လည်း ပြောင်းမယ်တဲ့။ စနစ်ပြောင်း ဆိုတော့ ဥပဒေလည်းပြောင်းရမယ်၊ မူဝါဒလည်းပြောင်းရမယ်၊သင်ရိုးလည်းပြောင်းရမယ်၊ သင်နည်းလည်းပြောင်းရမယ်၊ စစ်ဆေးနည်းလည်းပြောင်းရမယ်။ ပြောင်းရမယ်၊ပြောင်းရမယ်တွေ အများကြီးပါ။
တစ်ဆင့်ချင်း၊တစ်ဆင့်ချင်းပြောင်းဖို့ရာမှာ “ဆင်ပြောင်ကြီး နှာမောင်းကစတစ်”နေပါတယ်။ ဥပဒေမှာတင် စငြိနေပြီဆိုတော့ ကျန်တာတွေရွှေပြည်တော် မျှော်တိုင်းဝေးမဖြစ်စေချင်ပါ။ ပြောင်းမှကို ကောင်းမှာဆိုတော့မဖြစ်မနေပြောင်း တဲ့အဆင့် ရောက်နိုင်စေချင်ပါတယ်။ ခုတော့“လိပ်ခဲတည်းလည်း” အနေအထားဖြစ်နေတယ်။
ထားပါတော့၊ပေါ်လစီတွေ၊ ဥပဒေတွေ၊ သင်ရိုးတွေ၊ စစ်ဆေးနည်းတွေ ဆိုတာကတော့အ ထက်အဖွဲ့အစည်း အသီးသီးကပြောင်းမှရတာမျိုးပါ။ တချို့ကိစ္စတွေကျတော့ ကိုမြအေး၊မမြအေး(ဆရာ၊ ဆရာမ)တို့ကိုယ်တိုင်ပြောင်းလဲလို့ရ တာတွေလည်းရှိပါတယ်။ လာချင်တဲ့ဥပဒေလာ၊ လာချင်တဲ့စနစ် လာ၊ လာချင်တဲ့သင်ရိုးလာကိုယ်တွေအဓိကလုပ်ရ မှာကတော့ ကိုယ့်တပည့်လေးတွေ စာတတ်ရမယ်။ အသိပညာ၊ အတတ်ပညာမြင့်မားရမယ်။ဆင်ခြင်တုံတရားမြင့်မားတဲ့ လူပီပီသသလေးတွေဖြစ်ရမယ်၊ ဒါပါပဲ။
အဲဒီလိုဖြစ်ဖို့ဆိုရင်တော့ကိုမြအေး၊မမြအေးတို့အများစု လက်ရှိသင်နေကြတဲ့သင်နည်းနဲ့တော့ အံမဝင်တော့ဘူး။ လက်ရှိသင်ကြားနေတဲ့နည်းလမ်းအတိုင်းဆက်သွားဦးမယ်ဆိုရင်တော့ “ဆရာမှာ လည်းတန်ခိုးမတက်၊ တပည့်မှာလည်း လက်တိုအရိုးမျက်” အဆင့်ကကျော်နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ ဆရာ၊ဆရာမတိုင်းတော့ မဟုတ်ပါဘူး။ အနည်းစုသော ဆရာ၊ဆရာမတွေကတော့ ရည်မှန်းချက်ပေါက်မြောက်အောင် သင်ကြားပြသပေးနေကြတာရှိပါတယ်။ သို့သော်ရှိတော့ ရှိတယ် ရှားတယ်ပေါ့လေ။
အများစုသောဆရာ၊ဆရာမတွေကတော့ယနေ့တိုင် Chalk and Talk စနစ်နဲ့ပဲ သွားနေကြတုန်းပါ။ ဒီတော့တပည် လေးတွေဘက်မှာလည်းListen and Learn (by heart) အဆင့်ပဲရှိနေကြပါတယ်။ ဆရာသင်တာ နားထောင်အလွတ် ကျက်မှတ်၊ပြီးတော့ ၍၊ သည်၊ ၏ မလွဲပြန်ဖြေ၊ အမှတ် ကောင်းကောင်းရ၊ သိပ်တော်တာပဲဆိုတဲ့ မှတ်ဥာဏ်ဦးစားပေးပညာရေးရေစုန်မှာ မျောခဲ့ကြတာဆယ်စု နှစ်တွေ လည်းများစွာလွန်ခဲ့ပါပေါ့။
အသိဥာဏ်ကိုဦးစားတဲ့၊နှိုးဆွပေးတဲ့ ပညာသင်ကြားရေးစနစ်ဖြစ်ဖို့ကို ဆရာ၊ဆရာမများကိုယ် တိုင်ပဲကြိုးစားပြီး ပြောင်းကြဖို့အလေးအနက်၊ အနူးအညွတ်မေတ္တာရပ်ခံရပါတယ်။မှတ်ဥာဏ်ကောင်းလို့ စာမေးပွဲမှာအမှတ်ကိုးဆယ်၊ တစ်ရာ တွေရပေမယ့်၊ တွေးတောမှု၊ မြော်မြင်မှု၊ ဆင်ခြင်မှုတွေ၊တီထွင်မှုဆိုတာတွေကျတော့ ကတုံးနဲ့ဘီးလို ဘာမှမဆိုင် တွေဖြစ်ကုန်ကြပါပြီ။ ပညာသင်ကြားခြင်းရဲ့တကယ့်အနှစ်ကအဲဒီ တွေးတတ်၊ ခေါ်တတ်၊ မြော်မြင်တတ်၊ ဆင်ခြင်တတ်၊ တီထွင်တတ်ဆိုတာတွေ တွေ့ရဖို့ပါ။
တစ်ဦးစနှစ်ဦးစညံ့နေကြတာဟာ မပြောပလောက်ပါဘူး။ ဒါပေမဲ့မျိုးဆက်လိုက်ကိုညံ့နေပြီဆိုရင်တော့ ဒို့မျိုးဆက်သစ်တွေနဲ့ ဒို့တိုင်းပြည်ရဲ့အနာဂတ်အရေးက မတွေးဝံ့စရာဖြစ်သွားမှာပါ။ဖြစ်တာတွေလည်းဖြစ်နေပြီ။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးက သူများတွေထက်အောက်ကျ နောက်ကျဖြစ်နေမှာကို ဘယ်ဆရာ၊ဆရာမကမှ မလိုလားဘူးဆိုတာတော့သေချာပါတယ်။ သို့သော်အဲဒီစိတ်ကို လက်တွေ့အကျိုး ပေါ်ထွက်လာအောင်တော့ မဖြစ်မနေလုပ်ဆောင်ကြရမှာပါ။သိရုံသိပြီးလက်တွေ့မကျင့်သုံးရင်တော့ မသိတာကမှ ကောင်းကောင်းဖြစ်သွားဦးမယ်။
နိုင်ငံကျော်စာရေးဆရာကြီးဖြစ်တဲ့ဆရာ(ဦး)အောင်သင်းကတော့ ဒီလိုပြောဖူးတာရှိပါတယ်။ “တပည့်ကို စူးစမ်းချင် စိတ်ပေါ်လာအောင်၊ စူးစမ်းနည်းစနစ်ကို သိလာအောင်လုပ်ပေးနိုင်မှဆရာကောင်း ဖြစ်သည်။” “မှတ်စုကိုသာအားကိုးပြီးအလွတ်ကျက်ဖြေသူများသည် သူတစ်ပါးကိုသာအားကိုးသော ကိုယ်စွမ်းကိုယ်စမရှိသော လူငယ်များသာဖြစ်လာမည်”ပါတဲ့။ ပညာရေးလောကသားတွေ အလွန်မှမှတ် သားလိုက်နာအပ်တဲ့ အဆိုအမိန့်ပါပဲ။
တပည့်တွေကိုတွေးတတ်၊ခေါ်တတ်၊ စဉ်းစားတတ်၊ တီထွင်တတ်အောင်သင်ကြားလေ့ကျင့် ပေးဖို့အတွက် နည်းလမ်းကောင်းကတော့ဝေးဝေးမှာရှာစရာမလိုပါဘူး။ ဒို့ဘိုးဒို့ဘွားတွေက အကောင်းဆုံးသင်ကြားသင်ယူနည်းတွေကိုပေးခဲ့ပြီးသားရှိပါတယ်။
မန္တလေးမြို့မှာဘုရားကြီးတိုက်ဆရာတော်ဘုရားကြီးဆိုတာရှိခဲ့ပါတယ်။ အဲဒီဆရာတော်ဘုရား ကြီးက တပည့်စာ သင်သားတွေကို “ငါ့ရှင်တို့ပညာသင်ယူရာမှာ ကဝိတစ်ဆူဖြစ်ချင်ရင်၊ သု၊ စိ၊ ပု၊ ဘာ၊ ဆိုတဲ့စာလေးလုံးကိုပဲ လိုက်နာကျင့်ကြံပါ” လို့သြဝါဒပေးခဲ့တာရှိပါတယ်။ မုံရွေးဇေတဝန်ဆရာတော် ဘုရားကြီးကလည်း သူ့တပည့်တွေကိုဒီသု၊ စိ၊ ပု၊ ဘာ၊ ကိုပဲညွှန်းခဲ့ပါတယ်။ ခေတ်သစ်ပညာရှင်တွေ ပြောတာမဟုတ်လို့ ခေတ်မမီဘူးထင်ရင်တော့မှားပါလိမ့်မယ်။ဘယ်ခေတ် ဖြစ်ဖြစ်အံဝင်ခွင်ကျရှိနေဆဲပါ။ စမ်းကြည့်ကြစေချင်ပါတယ်။ သင်ကြားသူရော၊သင်ယူသူအတွက်ပါအလွန်အကျိုးအာနိ သင်ကြီးမားလှပါတယ်။
“သု”ဆိုတာက “သုနေယျ” ၊ “နားထောင်ရမယ်”လို့ ဆိုလိုပါတယ်။ “ပညာလိုချင်ရင်ကောင်း စွာနားထောင်တတ်ရမယ်”လို့ ဆိုထားတာရှိပါတယ်။ ခေတ်အကြိုက်ပြောကြမယ်ဆိုရင်တော့ “Listen carefullyfirst” ပေါ့။
“စိ”ဆိုတာကတော့“စိနေယျ” “တွေးတောရမယ်”တဲ့။ နားထောင်ထားတဲ့အချက်အလက်တွေ အပေါ်မှာစဉ်းစား တွေးတောစေရမှာပါ။လိုအပ်ရင်သံသယဖြစ်ခွင့်ပေးရမှာပါ။ စဉ်းစားတွေးတောလေ့ရှိ လာမှသာ အသိဥာဏ်ပွင့်လင်းလာမှာပါ။အင်္ဂလိပ်လိုတော့ “Think” ပေါ့။
“ပု”ဆိုတာကတော့“ပုစ္ဆေယျ” “မေးမြန်းရမယ်” လို့ဆိုပါတယ်။ ကြားနာမှတ်သားတာတွေ အ ပေါ်မှာတွေးတော စဉ်းစားပြီးတော့မရှင်းလင်းတာတွေကို ပြန်လည်မေးမြန်းရမှာပါ။ “Question” ပေါ့။ ဒီကဏ္ဍမှာတော့ ကိုမြအေး၊မမြအေးတို့ဘက်ကလည်း ဖြည့်ဆည်းထားဖို့တော့လိုပါတယ်။ စိတ်ရှည် သည်းခံပေးနိုင်ဖို့လည်းအရေးကြီးပါတယ်။သင်ခန်းစာရဲ့ အပြင်ဘက်ကို ရောက်မသွားအောင်တော့ ထိန်းပေးရမှာပါ။ တွေးတတ်၊ မေးတတ်ဖြစ်လာမှအသိပညာတိုးတက် ပွင့်လင်းလာမှာမို့ပါ။
“ဘာ”ဆိုတာကတော့“ဘာသေယျ” ၊ “ဆွေးနွေးပြောဆိုရမယ်”တဲ့။ နားထောင်မှတ်သားထား သမျှတွေကို သေချာ နားလည်အောင်တွေးတောစဉ်းစားရမယ်။ပြီးတော့ မရှင်းလင်းတာ၊ သံသယရှိတာ တွေကို ပြန်လည်မေးမြန်းရမယ်။ ပြည့်စုံ သွားအောင်ကျေကျေလည်လည် သိရှိနားလည်သွားအောင် ဆွေးနွေးပြောဆိုရပါမယ်။ အဲဒီလိုဆွေးနွေးပြောဆိုခြင်းအားဖြင့်မတူညီတဲ့အမြင်၊ အတွေးတွေကိုလည်း ထပ်မံရရှိလာနိုင်ပါတယ်။ အကြောင်းအရာသင်ခန်းစာအပေါ်မှာလည်းပိုပြီးကျေ ညက်စွာနားလည်သွား မှာဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ “Discuss” ပေါ့။
ဒါကြောင့်ကိုမြအေး၊မမြအေးတို့အနေနဲ့ ဒီ သု၊ စိ၊ ပု၊ ဘာ အက္ခရာလေးလုံးကို ကိုယ်တိုင်လည်းကျင့်သုံးကြစေချင်ပါတယ်။ တပည့်လေးတွေကိုလည်း ဒီစကားလေးလုံးအတိုင်း လိုက်နာကျင့်ကြံကြအောင် လေ့ကျင့်ပျိုးထောင်ပေးကြစေချင်ပါတယ်။ အင်္ဂလိပ်လိုလွယ်လွယ်မှတ်ချင်ရင်တော့ Listen, Think, Question,Discuss. (LTDQ) ပေါ့။
ဒါမှသာဒို့တပည့်လေးတွေဟာ လေ့လာသင်ယူရာမှာ စနစ်တကျဖြစ်သွားကြမယ်။ ပြီးတော့ တွေးတတ်၊တောတတ်၊ စဉ်းစားတတ်၊ ဆင်ခြင်တတ်၊ မေးမြန်းတတ်၊ ဆွေးနွေးတတ်၊သုံးသပ်တတ်၊ ကောက်ချက်ဆွဲတတ်၊ အဖြေထုတ်တတ် တဲ့သူတွေဖြစ်လာမယ်။ အသိဥာဏ်ဖွံ့ဖြိုး၊သုတတိုးပြီးအမျိုး ဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်နိုင်တဲ့ လူချွန်လူမွန်တွေဖြစ်လာမယ်။
မဟုတ်လို့ကတော့ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဒို့တပည့်လေးတွေအများစုဟာ သရီးဝေါ့ကာ များ (3DWorkers: Dirty, Difficult, Dangerous) ဘဝနဲ့ပဲ ဆက်လက်ကျင်လည်နေကြရပါဦးမယ်။
ဒါကြောင့်ဘာတွေပြောင်းပြောင်း၊ မပြောင်းပြောင်း၊ ဒါလေးတစ်ခုတော့ပြောင်းဖြစ်အောင် ပြောင်းပေးကြပါလို့......
ကိုမြအေး၊ မမြအေးတို့နှင့်အတူ သက်ဆိုင်ရာအားလုံးတွေးချိန်ချင့်နိုင်ကြပါစေကြောင်း......။