သီတင်းကျွတ်ပွဲတော်အကြောင်းကလေးတွေသိစေချင်လို့ပါ


          လာမဲ့အောက်တိုဘာလ ၂၈ ရက်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ပါ။အခြေခံပညာက ကျောင်းသူ ကျောင်းသားတွေအတွက် ခုနစ်ရက်၊ ရှစ်ရက်လောက်ရှိတဲ့ ကျောင်းပိတ်ရက်ပေါ့။အဲဒီကာလက မြန်မာ သက္က ရာဇ်နဲ့ကျတော့ သီတင်းကျွတ်လပြည့်နားတဝိုက်က ရက်တွေဖြစ်နေပါတယ်။သီတင်းကျွတ်လပြည့်နဲ့ တိုက်ဆိုင် ပြီးပိတ်ပေးတဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်လို့ပဲ သိထားကြတာပါ။

          သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကိုကျောင်းသူကျောင်းသား တွေပျော် ရွင်စွာနွှဲပျော်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အများစုသောကလေးတွေဟာသီတင်းကျွတ်မီးထွန်းပွဲတော် ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတာတော့ မသိကြတာကများပါတယ်။ ပြီးခဲ့တဲ့ရက်တုန်းကကျောင်းတစ် ကျောင်းမှာ ဟော ပြောပွဲလုပ်ရင်း ဆယ်တန်းကလေးတွေကို ဒီအကြောင်းမေးကြည့်ခဲ့သေးတယ်။ရေရေရာရာမသိကြရှာပါဘူး။ ကလေးတွေကို ပြောပြပေးစေချင်တာကြောင့် ဒီစာစုကိုရေးလိုက်ပါတယ်။

          ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပွင့်ထွန်းပေါ်ပေါက်လာပြီးနောက် သတ္တမမြောက် ဝါဆို တော်မူဖို့တာဝတိံသာတနတ်ပြည်သို့ ကြွတော်မူပါတယ်။ ကြွတော်မူတဲ့အချိန်ကာလကတော့မဟာသက္ကရာဇ် (၁၀၉) ခုနှစ် ဝါဆိုလပြည့်နေ့မှာဖြစ်ပါတယ်။ ကြွတော်မူရတဲ့ အကြောင်းရင်းကတော့သိဒ္ဓတ္ထမင်းသားဘဝ တုန်းက သီရိမဟာမာယာဘွဲအမည်ရှိခဲ့တဲ့မယ်တော်ကို ကျေးဇူးဆပ်တရားဟောကြားဖို့ဖြစ်ပါတယ်။ လူပြည် တုန်းက မယ်တော်ဟာ အခုအခါမှာတော့ “တုသိတာ” နတ်ပြည်မှာ “ သန္တုသိက”အမည်ရတဲ့နတ်သား ဖြစ် နေပါတယ်။

 

          ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်လူ့ပြည်မှာခမည်းတော်သုဒ္ဓေါဓနမင်းကြီးအား “ အနာဂါမ်တည် သည်အထိ တရားဖြင့်ကျေးဇူးဆပ်တော်မူခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်ယခုမယ်တော်ကို တရားဖြင့် ကျေးဇူးဆပ်ရန် နတ်ပြည်သို့ကြွတော်မူချင်းပါ။ကျေးဇူးဆပ်တရားဟောကြားတဲ့နေရာကတော့ “တာဝတိ ํသာ” နတ်ပြည်” ပင်လယ်ကသစ်ပင်ရင်း၌ တည်ရှိသော“ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ” ထက်မှာပါ။ ဟောကြားတဲ့ တရားတော်ကတော့ အလွန်မှကျယ်ဝန်းခက်ခဲနက်နဲတဲ့“အဘိဓမ္မာ” တရားဒေသနာတော်မြတ်ဖြစ်ပါတယ်။ တရားနာပရိတ်သတ်အနေနဲ့ကတော့ သိကြားမင်းနှင့်မယ်တော်မိနတ်သားခေါ် သန္တုသိကနတ်သားအမှူးပြုတဲ့ နတ်ဗြဟ္မာများပဲဖြစ်ပါတယ်။

 

          ဘုရားရှင်ကိုယ်တော်မြတ်ကြီးအဘိဓမ္မာတရားတော်ကို ဟောကြားတာ ဝါတွင်း(၃) လပတ်လုံးကြာ မြင့်တာပါ။ လူ့ပြည့်ကသက်တမ်းနဲ့သုံးလလုံးလုံးကြာတယ်ဆိုပေမယ့် တာဝတိံသာနတ်ပြည်ရံ့ သက်တမ်းနဲ့က တော့ ခဏလေးပဲလို့ဆိုပါတယ်။ဘာပြုလို့လဲဆိုတော့ အဲဒီနတ်ပြည်က တစ်ရက်ဟာ လူ့ပြည်ကအနှစ်(၁၀၀) နဲ့ ညီမျှတယ်လို့ဆိုတာကြောင့်ဖြစ်ပါတယ်။ဘုရားရှင်ကတော့ လူ့ပြည်ကသက်တမ်းအတိုင်း သီတင်းသုံး တာဖြစ် ပါတယ်။ ဒါကြောင့် သုံးလလုံးကိုယ်တော်တိုင်ဟောကြားနေတာမဟုတ်ပါဘူးတဲ့။  ဆွမ်းကိစ္စ၊ ကိုယ်လက်သန့် စင်တဲ့ကိစ္စတွေအတွက် နေ့စဉ်အာရုဏ်တက်မှာ လူ့ပြည်ကိုဆင်းသက်တော်မူပါတယ်တဲ့။

 

          အဲဒီလိုလူ့ပြည်ကိုဆင်းသက်တော်မူတဲ့အချိန်တွေမှာ နိမ္မိတရုပ်ပွားတော်မြတ်တစ်ဆူကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ အဲဒီနိမ္မိတရုပ်ပွားတော်ဟာ မြတ်စွာဘုရားရှင်နဲ့ ရုပ်ရောအသံပါ တစ်ထပ်တည်းတူညီပြီးမြတ်စွာ ဘုရားရှင် နတ်ပြည်သို့ပြန်လည် ကြွရောက်တဲ့အထိ တရားတော်ကို ဟောကြားဖို့အဓိဋ္ဌာန်ထားခဲ့တဲ့အတိုင်းဟောကြားတော်မူပါတယ်။ ရုပ်ပွားတော်မြတ် တရားဟောကြားနေတဲ့အချိန်မှာ မြတ်စွာဘုရားရှင်မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင်ကတော့ သပိတ်တော်ပိုက်ပြီး ဟိမဝန္တ္တာတောက“အနောတက်အိုင်” မှာမျက်နှာခံတွင်းသန့် ရှင်းတော်မူပါတယ်။

 

          ဆွမ်းခံချိန်ကျရောက်တဲ့အခါ“ဥတ္တရကုရုကျွန်း” လို့ခေါ်တဲ့ “မြောက်ကျွန်း”ကို ကြွရောက်ဆွမ်းခံတော် မူပါတယ်။ မျှတရုံဆွမ်းကိုသာခံယူတော်မူပြီးဟိမဝန္တ္တာတောက“အနောတက်အိုင်” အနီးမှာပဲ ဆွမ်းဘုန်းပေး တော်မူပါတယ်။ ဒီနောက်တော့“စန္ဒကူးနံ့သာတော”မှာနေ့သန့်တော်မူပါတယ်။အဲဒီအချိန်ကာလမှာ “အရှင်သာ ရိပုတ္တရာ” ကိုယ်တော်ကြီးကလာရောက်ပြီး မြတ်စွာဘုရားကိုဝတ်ကြီးဝတ်ငယ်ပြုလို့ဆည်းကပ်ခစားတော် မူပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်းအရှင်သာရိပုတ္တရာကို နတ်ပြည်မှာဟောကြားခဲ့တဲ့အဘိဓမ္မာ တရားတော်ကို အကျဉ်းအားဖြင့် နေ့စဉ်ဟောကြားတော်မူပါတယ်။

 

          အရှင်သာရိပုတ္တရာကိုယ်တော်ကြီးကပညာအရာမှ “ဧတဒင်္ဂရ” ပုဂ္ဂိုလ်ကြီးဖြစ်တာကြောင့် မြတ်စွာ ဘုရား အကျဉ်းမျှဟောကြားတဲ့တရားကိုအကျယ်ချဲ့ပြီးသိရှိတော်မူပါတယ်။ သီတင်းသုံးရာ ကျောင်းကိုပြန် ရောက်တော့မှ အရှင်သာရိပုတ္တရာကိုယ်တော်ကြီးကတပည့်ရဟန်းငါးရာကို မကျဉ်းမကျယ်အနေအထားပြုပြီး နေ့စဉ်ပြန်လည်ဟောကြားပေးပါတယ်။

 

          နတ်ပြည်မှာ“အဘိဓမ္မာတရား” ဟောကြားခြင်းဟာ သီတင်းကျွတ်လပြည့်နေ့မှာ ပြီးဆုံးသွားပါတယ်။ ဒါကြောင့်မို့လို့သီတင်းကျွတ်လပြည့်နေကို “အဘိဓမ္မာအခါတော်နေ့” လို့လည်း ခေါ်ဆိုကြပါတယ်။ တရားတော် အပြီးမှာနတ်ဗြဟ္မာပေါင်း ကုဋေရှစ်သန်း ကျွတ်တမ်းဝင်သွားကြတယ်လို့ သိရှိမှတ်သားရပါတယ်။ မယ်တော်နတ်သားလည်း သောတာပန်တည်သွားပါတယ်။ ဘုရားရှင်ဟာသီတင်းကျွတ်လပြည့် ညနေစောင်းမှာပဲ လူပြည်(သင်္ကဿနဂိုရ်မြို့)ကို ဆင်းသက်ကြွရောက်တော်မူပါတယ်။ သိကြားမင်းက  ရွှေစောင်းတန်း၊ ငွေစောင်းတန်းနဲ့ ပတ္တမြားစောင်းတန်းဆိုပြီးနတ်ပြည်ကနေ လူ့ပြည်မြို့တံခါးအထိရောက်တဲ့ စောင်းတန်းသုံးသွယ်ဖန်ဆင်းပြီး မြတ်စွာဗုဒ္ဓကိုပူဇော်ပါတယ်။

 

          မြတ်စွာဘုရားရှင်ကကတ္တမြားစောင်းတန်းကနေ ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူးလျှက် အလွန် သပ္ပါယ်စွာကြွချီဆင်းသက်တော်မူပါတယ်။ဗြဟ္မာကြီးတွေက လက်ျာဘက်ရွှေစောင်းတန်း၊ သိကြားမင်းနဲ့နတ် တွေက လက်ဝဲဘက်ငွေစောင်းတန်းကနေထီးတော်များမိုးပြီးလိုက်ပါဆင်းသက်ကြလို့ပေါ့။ ဘုရားရှင်နတ်ဗြဟ္မာ တွေခြံရံပြီး ဆင်းသက်လာတာကိုဖူးမြော်ရတဲ့လူတိုင်းက အားကျကြည်ညိုလွန်းလို့တစ်ယောက်မကျန် ဘုရားဆုပန်ကြတယ်လို့ ဆိုပါတယ်။

 

          ဘုရားရှင်ကြွဆင်းလာတာကိုသင်္ကဿနဂိုရ်၊ သာဝတ္ထိ၊ ဝေသာလီ၊ ရာဇဂြိုလ်၊ ဗာရာဏသီစတဲ့မြို့ များက ပြည်သူတွေက ဆီမီး၊ပန်း၊ နံ့သာ၊ မီးရှူး၊ မီးပန်းများနဲ့ ပူဇော်ပြီးကြိုဆိုခဲ့ကြပါတယ်။ အဲဒီလို ပူဇော်ခဲ့တဲ့အစဉ်အလာကိုဆွဲပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်ရက်တွေမှာ ဆီမီးထွန်းပြီး ပူဇော်ကြရာကသီတင်းကျွတ် မီးထွန်းပွဲတော်ဖြစ်လာတယ်လို့ မှတ်သားရပါတယ်။ တချို့ကတော့ တာဝတိံသာကနေစောင်းတန်းအတိုင်း ဘုရားဆင်းကြွတော်မူရန် ခင်းကျင်းပူဇော်ကြတာကြောင့်“ တာဝတိံသာပွဲ”လို့လည်း ခေါ်ကြတယ်။ “မီးမြင်းမိုရ် ပွဲ” လို့ခေါ်ကြတာလည်းရှိပါတယ်။ အချို့ကတော့ သံဃာတော်တွေဝါဆိုဝါကပ်ရာကကင်းလွတ်ကြတာကြောင့် ဝါကျွတ်ပွဲတော်လို့လည်းဆိုကြပါတယ်။ ဒီနေ့မှာပဲ ဝါဆိုတော်မူခဲ့ကြတဲ့ရဟန်းတော်တွေအချင်းချင်း အပြစ်များ တွေ့မြင်ကြားသိခဲ့ရင် ထောက်ပြဆုံးမပေးခဲ့ကြပါရန်ဖိတ်ခေါ်တဲ့ ပဝါရဏပွဲလည်းကျင်းပလေ့ရှိကြပါတယ်။

 

          မြတ်စွာဘုရားနတ်ပြည်ကြွပြီးမယ်တော်နတ်သားကို ကျေးဇူးဆပ်တရား ဟောကြားခဲ့တာကို အ ကြောင်းပြုပြီးတော့ သီတင်းကျွတ်လပြည့်နေ့မှာမိဘ၊ ဘိုးဘွား၊ ဆရာသမား၊ သက်ကြီးဝါကြီးတွေကို ကန် တော့ကြတဲ့ အစဉ်အလာလည်း ဖြစ်ထွန်းခဲ့ပါတယ်။ပွဲတော်ကာလမှာ မီးပုံးပျံတွေလွှတ်တင်ကြတဲ့ ဓလေ့ လည်း ရှိပါတယ်။ အဲဒါကတော့ နတ်ပြည်မှာရှိတဲ့“စူဠာမဏိစေတီတော်” ကို မီးပူဇော်တဲ့အနေနဲ့ လွှတ်တင်ကြတာလို့ ဆိုပါတယ်။

 

          နိဂုံးချုပ်ရရင်တော့ဒီကနေ့ ဒို့ရဲ့မျိုးဆက်သစ်ကလေးတွေဟာ သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော် ပျော်ကြီးနွှဲကြလေ့ရှိပါတယ်။ဒါပေမဲ့ ဘယ်ကနေဘယ်လို၊ ဘာကြောင့် ဒီပွဲတော်ကြီးဖြစ်လာတယ်ဆိုတာတော့ မသိကြတာများပါတယ်။သူတို့လေးတွေသိကြအောင် ပြောပြပေးဖို့ကတော့ ဒို့ကျောင်းအုပ်ကြီးတွေနဲ့ ကိုမြအေး၊ မမြအေးတို့ကအဓိကကျပါတယ်ဆိုတာ…………။

 

          ကျောင်းအုပ်ကြီးများနဲ့ဆရာဆရာမများ တွေးချိန်ချင့်နိုင်ကြပါစေကြောင်း။